
စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ ဇူလိုင် ၁၂ ရက်နေ့ ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်မှာ အာဆီယံဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတချို့နဲ့ တွေ့ဆုံသွားမယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောပါတယ်။
ဒါဟာ အပယ်ခံဖြစ်နေတဲ့ မြန်မာစစ်အာဏာရှင်အနေနဲ့ သံတမန်ရေးရာ အသိုက်အဝန်းထဲ ပြန်လည် ဝင်ရောက်ဖို့ ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) ရဲ့ အာရှရေးရာ အဆင့်မြင့်အ ကြံပေး ရစ်ချက် ဟော်ဆေးကတော့ အခုလာမဲ့ တနင်္ဂနွေနေ့ ဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ တက်ရောက်မှာက အလွတ်သဘော ဖြစ်ပေမဲ့ မြန်မာအရေးအပေါ်ထားရှိတဲ့ အာဆီယံရဲ့ ရပ်တည်ချက် သဘောထား အက်ကြောင်းထပ်သွားတာကို ပြသနေတယ်လို့ ဆိုပါတယ်။
ရစ်ချက် ဟော်ဆေးက "ဒါဟာ လာမဲ့ နိုဝင်ဘာလ မနီလာမြို့မှာ ကျင်းပမဲ့ အာဆီယံထိပ်သီးအစည်း အဝေးမှာ မင်းအောင်လှိုင်တယောက် အာဆီယံခေါင်းဆောင်တွေနဲ့အတူ ယှဉ်တွဲရပ် တည်နိုင်ရေး အတွက် သံတမန်ရေးရာ ဇာတ်ညွှန်းခင်းပေးနေတာဖြစ်တယ်" လို့ AFP သတင်းဌာနကို ပြောလိုက် ပါတယ်။
ဒါပေမဲ့လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မင်းအောင်လှိုင်ကို ဖိတ်-မဖိတ် ဆိုတာ နောက်ဆုံးဆုံးဖြတ်ရမှာဖြစ်ပြီး ဖိတ်ကြားဖို့အတွက်ကတော့ ဘယ်လိုမှ အာမခံချက် မရှိဘူး လို့ သူက ထောက်ပြထား ပါတယ်။
၂၀၂၁ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့မှုကြောင့် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပြီးနောက် ပိုင်း မြန်မာနိုင်ငံဟာ အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ရဲ့ ဖယ်ကျဉ်ခြင်းကို အကြီးအကျယ် ခံခဲ့ရတာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလအတွင်းက အတုအယောင် ရွေးကောက်ပွဲတွေကို ကျင်းပပြီးနောက် စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း မြန်မာနဲ့ ဆက်ဆံရေး ပြန်လည်ပုံမှန်ဖြစ်စေဖို့ ရှေ့ကနေ ဦးဆောင်လှုံ့ဆော်ပေးနေပါတယ်။
အခု ဘန်ကောက်ဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မင်းအောင်လှိုင်ရဲ့ လာအိုနိုင်ငံ နိုင်ငံတော်အဆင့် ခရီးစဉ်အပြီးမှာ ထွက်ပေါ်လာတာဖြစ်ပြီး ရစ်ချက်ဟော်ဆေးကတော့ အဆိုပါ ခရီးစဉ်ဟာ မြန်မာနဲ့ ဆက်ဆံရေးပုံမှန်မလုပ်ဘူးဆိုတဲ့ အာဆီယံရဲ့ မူဝါဒပိုင်းဆိုင်ရာ ရပ်တည်ချက် ပျက်ပြယ်သွားခြင်းရဲ့ အစပြုမှုလို့ ပြောပါတယ်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်းကတော့ ဘန်ကောက်မှာ ဆွေးနွေးပွဲ ၂ ကြိမ် ပြုလုပ်မှာဖြစ်ပြီး တကြိမ်ကို မြန်မာဝန်ကြီးနဲ့အတူ ဆွေးနွေးမှာဖြစ်ကာ နောက်တကြိမ်ကိုတော့ မြန်မာမပါဘဲ ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲတွေဟာ နိုင်ငံခြားရေးဝန်ကြီးတွေကြား တိုက်ရိုက်အမြင်ချင်းဖလှယ်ဖို့၊ ပူးပေါင်း ဆောင်ရွက်မှုတွေ အားကောင်းစေဖို့နဲ့ မြန်မာ့အရေးဆွေးနွေးညှိနှိုင်းမှုနဲ့ ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ပေးနိုင်ဖို့ အခွင့်အလမ်းတခု ဖြစ်လာမယ်လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာအပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော အစည်းအဝေးတခု ရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ ရက်စွဲနဲ့ နေရာကိုတော့ အတိအကျ ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။
တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတခုက သံတမန်ရေးရာ သတင်းရင်းမြစ်တခုကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီဆွေးနွေးပွဲကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက် မှာဖြစ်တဲ့ အကြောင်း AFP သတင်းဌာနကို သီးခြားအတည်ပြုပေးခဲ့ပါတယ်။
Source: AFP










