ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ပြန်စနိုင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သမက်လည်းဖြစ်၊ အရှေ့အလယ်ပိုင်း အထူးသံတမန်လည်းဖြစ်တဲ့ ဂျရက် ကက်ရှ်နာနဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ ၃ နာရီကျော်ကြာ ဆွေးနွေးခဲ့ပေမဲ့ အဖြေမထွက်ခဲ့ပါဘူး။
အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ အချက် ၁၅ ချက်ပါ လမ်းပြမြေပုံကို နေတန်ယာဟု ပယ်ချပြီး တပတ်အကြာ ဩဂုတ် ၁၇ ရက်က အစ္စရေးမှာ တွေ့ဆုံခဲ့ကြတာပါ။
ဟားမတ်စ်က အလုံးစုံ လက်နက်မချမချင်း အစ္စရေးတပ်တွေ မဆုတ်ဘူးလို့ နေတန်ယာဟုက အခိုင်အမာ ပြောပါတယ်။
ဒါ့အပြင် ဟားမတ်စ်က လက်နက်မချမချင်း ဂါဇာ ပြန်လည်တည်ဆောက်ရေးကိုလည်း ခွင့်မပြုဘူးလို့ ဆိုပါတယ်။
ဟားမတ်စ်ဘက်ကတော့ အစ္စရေးတပ်တွေ အဆင့်လိုက် ဆုတ်ခွာပေးရင် လက်နက်စွန့်ဖို့ သဘောတူထားပါတယ်။
ဒါပေမဲ့ လက်ရှိ အစ္စရေးက ထိန်းချုပ်ထားတဲ့ ဂါဇာနယ်မြေ ၆၀ ရာခိုင်နှုန်းကနေ တပ်တွေ အရင်ဆုတ်ပေးဖို့ ဟားမတ်စ်က တောင်းဆိုထားပါတယ်။
ကက်ရှ်နာဟာ ဩဂုတ် ၁၆ ရက်က အီဂျစ်မှာ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
နေတန်ယာဟုနဲ့ တွေ့ဆုံပြီးနောက် ကက်ရှ်နာက “ရက် ၃၀ လောက်အတွင်း ဟားမတ်စ်ရဲ့ လက်နက်တချို့ ဖယ်ရှားရေး စနိုင်ပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံး ပူးပေါင်းဖို့လိုပါတယ်” လို့ ပြောပါတယ်။
ဆွေးနွေးပွဲမှာ လက်နက်ဖြုတ်သိမ်းရေးနဲ့ ဂါဇာပြည်သူတွေအတွက် သောက်သုံးရေ၊ သန့်ရှင်းရေးနဲ့ ကျန်းမာရေးကိစ္စတွေကို ကိုင်တွယ်မဲ့ အလုပ်အဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်းဖို့တော့ သဘောတူခဲ့ပါတယ်။
ဒါပေမဲ့ အစ္စရေးတပ်တွေက ဂါဇာမှာ စစ်ဆင်ရေးတွေ ဆက်လုပ်မယ်လို့ အစ္စရေးအရာရှိတယောက်က ပြောထားပြီး ငြိမ်းချမ်းရေးအစီအစဉ် ဆက်တိုးတက်ဖို့ မသေချာသေးပါဘူး။











