DVB Logo
Home
Lead Story
နိုင်ရာဝန်ကိုတော့ ထမ်းကြပါ
DVB
·
April 14, 2022
နိုင်ရာဝန်ကိုတော့ ထမ်းကြပါ
Donate to DVB

ဒီရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် Dragonfly အစီအစဉ်အရ ၁၀ ရက်အတွင်း စုစုပေါင်း အလှူငွေ သိန်းပေါင်း လေးသောင်းခွဲဝန်းကျင်အထိ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ထိုအစီအစဉ်ကို Click2donate နှင့် တခြားသော တက်ကြွလှုပ်ရှားသူများ စုပေါင်းကာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့၏ထုတ်ပြန်ချက်အရ မကြာမီအချိန်အတွင်း စစ်မိစ္ဆာများ၏ လေကြောင်းမှ နိုင့်ထက်စီးနင်း ပစ်ခတ်နေမှုများကို ပြည်သူ့ကာကွယ်ရေးတပ်သားများဘက်မှ ကောင်းစွာတုံ့ပြန်နိုင်ပေတော့မည် ဖြစ်သည်။ တချိန်က လေကြောင်းဆိုလျှင် ခေါင်းရှောင်ခဲ့ရသမျှ ယခုဆိုလျှင် ခေါင်းထောင်ကာ ပြန်လည်ပစ်ခတ်နိုင်ပေတော့မည် ဖြစ်ပါသည်။ မည်မျှအားရဖို့ ကောင်းပါသနည်း။

စင်စစ် တော်လှန်ရေးတရပ် ဆင်နွှဲရာတွင် တော်လှန်ရေးအောင်မြင်စေရန် အကြောင်းအချက်များစွာ လိုအပ်ပါသည်။ ယင်းတို့အနက် ဘဏ္ဍာရေး ခေါ် ငွေရေးကြေးရေးသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်‌ပေသည်။ လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း အလားတူပင် ဖြစ်သည်။ 

ယခုအချိန်တွင် တော်လှန်ရေး၏ အရှိန်အဟုန်သည် မြင့်သထက်မြင့်လာပြီ ဖြစ်သည်။ ရန်ကုန်လို နေရာမျိုးမှာပင် မြို့ပြတိုက်ခိုက်မှုများသည် ယခုလအတွင်း တိုးများလာချေပြီ ဖြစ်သည်။ 

ခုခံမှုအားကောင်းသည့် စစ်ကိုင်း၊ ကရင်နီ၊ မကွေး၊ ချင်းပြည်နယ်တို့မှာတော့ ပြောစရာပင် မလိုတော့။ ကရင်ပြည်နယ်မှာလည်း ဒီဇင်ဘာလအစလောက်ကတည်းက တိုက်ခိုက်မှုများပို၍ ပြင်းထန်များပြားလာသည်။ သို့နှင့်အမျှ လက်နက်ခဲယမ်း ဖြည့်ဆည်းဖို့၊ ဝယ်ယူဖို့အတွက် ငွေကြေးလိုအပ်ချက်သည်လည်း ပို၍ကြီးမားလာပါသည်။ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများကို ငွေကြေးထောက်ပံ့ပေးနိုင်ရေးသည် အရေးကြီးဆုံး အချိန်အခါကို ရောက်ရှိလာနေပြီ ဖြစ်သည်။ 

စစ်မိစ္ဆာများနှင့် ယှဥ်ပြိုင်တိုက်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်သားများအနေဖြင့် လူထုထောက်ခံမှု၊ လူအင်အား၊ သတင်းရရှိမှုနှင့် စိတ်ဓာတ်အင်အားတို့မှာ အသာစီးရလျက် ရှိသည့်တိုင် လက်နက်ခဲယမ်း အင်အားမှာတော့ များစွာလိုအပ်နေပါသည်။ ထို့အတွက်ကြောင့် ငွေကြေးထောက်ပံ့နိုင်ရေးသည် တော်လှန်ရေးအတွက် အသက်သွေးကြောတမျှ အရေးပါလှပါသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။

တဘက်တွင် ထိုသို့ လိုအပ်ချက်များရှိနေသကဲ့သို့ အခြားတဘက်တွင်လည်း ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ခက်ခဲလာသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေး တပ်သားများကို ပြည်တွင်းရှိ ပြည်သူများက ငွေကြေးထောက်ပံ့ရသည်မှာ ပို၍ ခက်ခဲလာပေသည်။ ပြည်သူအများစုကြီး၏ စီးပွားရေး ကျပ်တည်းလာမှု၊ ထောက်ပံ့ရေးလုပ်ငန်း ဦးဆောင်လုပ်ကိုင်သူများကို စစ်မိစ္ဆာများမှ တရမန်းကြမ်း ဖမ်းဆီးလာမှု၊ ထိုမှတဆင့် ကွင်းဆက်များဖြင့် လှူဒါန်းသူများကို ဖမ်းဆီးမှုတို့ကြောင့် ပြည်တွင်းတွင် မြေပြင်ထောက်ပံ့ရေး လုပ်ငန်းများမှာ ဘောင်ကျဥ်းလာသည်။ 

သို့ခက်ခဲသည့်တိုင် ရသလောက်နှင့် ဆက်လက်လုပ်ကိုင်နေကြတုန်းပင် ဖြစ်သည်။

ကလစ်အစီအစဉ်များ ပေါ်ထွက်လာခြင်း

ဤသို့ ခက်ခဲကျပ်တည်းမှုများကို ကျော်လွှားနိုင်ရန် ကြံဆမှုများလည်း ရှိခဲ့ပါသည်။ ယင်းတို့အနက် ပြည်သူများအတွက် မျှော်လင့်အားကိုးစရာတစ်ခု ရရှိလာခဲ့ပေသည်။ ယင်းမှာ အခြားမဟုတ်။ မိမိ၏ အင်တာနက်ကို အသုံးပြုကာ ကြော်ငြာများ၊ ဗွီဒီယိုများကို ကြည့်ခြင်း၊ သတင်းများကို ဖတ်ရှုခြင်းဖြင့် ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် ငွေကြေးထောက်ပံ့နိုင်သည့် အစီအစဉ်များပင် ဖြစ်‌ပေတော့သည်။ သို့ဆိုသလို အင်တာနက်ကို အသုံးပြု၍ ကလစ်ရသည့် အစီအစဉ်များ ပေါ်ထွက်လာသည်၌ ကလစ်အစီအစဥ်များသည်လည်း အပြိုင်းအရိုင်း ပေါ်ထွက်လာပေသည်။ click to donate၊lattsaung၊Thadinကဲ့သို့ app များ ရှိသကဲ့သို့ weclick4pdf.com၊ pyithuarr.com၊ nwayooweb.com ကဲ့သို့ websiteများလည်း ရှိသည်။ 

ထိုနည်းတူ youtube မှ video ကြည့်ရသည့် အစီအစဥ်များလည်း ရှိသေးသည်။ တခြား နာမည်များဖြင့် လုပ်ဆောင်နေသော ကလစ်ရသည့် အစီအစဉ်များလည်း ကျန်ရှိပါသေးသည်။ မည်သို့ရှိစေ ကလစ်အစီအစဉ်များသည် အဓိကအားဖြင့် လက်နက်ကိုင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများကို ထောက်ပံ့ဖို့ ရည်ရွယ်ကာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ 

တနည်းဆိုရသော် အထက်မှာ ဖော်ပြခဲ့သလို ငွေကြေးကျပ်တည်းမှု၊‌ ပြည်တွင်း၌ လှုပ်ရှားဆောင်ရွက်ရာတွင် ခက်ခဲကျပ်တည်းလာမှု စသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် နည်းပညာအရ ကြိုးပမ်းအားထုတ်မှုတခုလည်း ဖြစ်ပေသည်။ 

အစကနဦးတွင် နားမလည်တာရော၊ ဒီလိုလုပ်ရုံနဲ့ ငွေရတာ ဟုတ်ပါ့မလားဆိုပြီး သံသယဝင်ကြတာရောကြောင့် ထိုအစီအစဥ်များကို သိပ်စိတ်မဝင်စားခဲ့ကြ။ တဖြည်းဖြည်းနဲ့မှ လူထုသည် နားလည်သဘောပေါက်ကာ ကလစ်အစီအစဥ်များသည်လည်း လူပြောများလာခဲ့ပါတော့သည်။

စစ်မိစ္ဆာများ၏ ကြောက်လန့်မှု

ထိုသို့ လူပြောများလာသော နည်းပညာခေတ်၏ အသီးအပွင့်တစ်ခုဖြစ်သော ကလစ်အစီအစဥ်များကို စစ်မိစ္ဆာတို့ ကြောက်လန့်ခဲ့ရ‌ပါသည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်ကာ မိုဘိုင်းအင်တာနက်ခများကို အဆမတန် တိုးမြှင့်လိုက်သည်။ ထိုနည်းတူ ၂၀၂၂ ဇန်နဝါရီမှာလည်း ဆင်းကတ်အသစ်တကတ်ကို နှစ်သောင်းကျပ်နှုန်းအပြင် အင်တာနက်အခွန်များလည်း ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်လာခဲ့သည်။

ဤသည်မှာ လူထုကြား နည်းပညာအကူအညီဖြင့် သတင်းဖလှယ်မှု၊ တခြားသော ဆောင်ရွက်မှုများ ပြတ်တောက်စေရန် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သလို ဘဏ္ဍာရေးအတွက် အချက်အချာကျသော ကလစ်အစီအစဥ်များတွင် လူထုပါဝင်မှုနှုန်းကို လျော့ကျသွားစေရန် ရည်ရွယ်ကာ လုပ်​ဆောင်လာကြခြင်း ဖြစ်သည်။ ထိုအကျိုးဆက်ကြောင့် ကလစ်နှုန်း ကျဆင်းသွားသည့်တိုင် လုံးဝ ရပ်ဆိုင်းသွားတာမျိုး မဟုတ်။ မရရသည့်နည်းများဖြင့် ဆက်လက်ကြိုးပမ်းကာ ခရီးဆက်လျက်ပင် ရှိနေသေးသည်။

မဟာအခွင့်အရေး

ဒီရက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် Dragonfly အစီအစဉ်အရ ၁၀ ရက်အတွင်း စုစုပေါင်းအလှူငွေသည် သိန်းပေါင်း လေးသောင်းခွဲ ဝန်းကျင်အထိ ရရှိခဲ့သည်မှာလည်း မည်သည့်နိုင်ငံကမှ ထောက်ပံ့၍ မဟုတ်။ ပြည်သူများ၏ လုံ့လဝိရီယကြောင့် ဖြစ်သည်။ ထိုအထဲတွင် ပြည်သူများ၏ ကလစ် လုပ်ခြင်းကြောင့်လည်း အများကြီး ပါဝင်သည်။ 

ထိုသို့ ကလစ်အစီအစဉ်များတွင် ပြည်သူများ ပါဝင်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားများကို လစဉ်လတိုင်း သိန်းရာဂဏန်း၊‌ ထောင်ဂဏန်း၊ ဆယ်ဂဏန်း အသီးသီး ထောက်ပံ့နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် ကလစ်အားကို လျှော့မတွက်သင့်ပေ။

မိမိအနေဖြင့် ဆန္ဒပြပွဲများတွင် မပါဝင်ရလို့ စိတ်မကျေနပ်နေသူများ၊ PDF များလို တိုက်ပွဲမဝင်နိုင်လို့ လိပ်ပြာမလုံသလို ခံစား‌နေရသူများ၊ လှူချင်ပေမယ့် မိမိလုံခြုံရေးအတွက် စိုးရိမ်နေသူများ၊ ငွေကြေးကျပ်တည်းမှုကြောင့် ငွေအလုံးအရင်းအလိုက် မလှူနိုင်သူများ စသည့် ထောက်ပံ့ဖို့ အခက်အခဲကြုံတွေ့နေရသူများအတွက် ကလစ်အစီအစဉ်များသည် ထိရောက်သည့် ကုစားမှုတစ်ခုပင် ဖြစ်ပေသည်။ မိမိတွင် ဖုန်းတလုံးရှိရုံ အင်တာနက်ရှိရုံမျှဖြင့် တော်လှန်ရေးအတွက် အရေးကြီးသော ထောက်ပံ့ရေးကို လူတိုင်း ပါဝင်ကူညီလို့ရလာနိုင်သည့် အခွင့်အရေးတစ်ခုလည်း ဖြစ်လာပေတော့သည်။

တစ်နေ့လျှင် ၁ နာရီလောက် အချိန်ပေးကာ ကလစ်ပေးရုံနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကို တစ်လလျှင် သိန်းပေါင်းများစွာ ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ သို့အတွက်ကြောင့် ဤမျှ အစွမ်းထက်ကာ၊ ထိရောက်ပြီး ကိုယ်လက်လှမ်းမီသည့် ကလစ်အစီအစဉ်များကို ပြည်သူများအနေဖြင့် စိတ်နှစ်ကာ ပါဝင်သင့်ပေသည်။ ယခုလို မိုဘိုင်းအင်တာနက် အဖိုးအခကြီးနေသည့် အချိန်မျိုးတွင် အထူးသဖြင့် ဝိုင်ဖိုင်သမားများအနေနှင့် ဤကဲ့သို့ မဟာအခွင့်အရေးကြီးကို ပိုလို့ပင် လက်လွှတ်အဆုံးရှုံးမခံသင့်ဘဲ ကိုယ် နိုင်သည့်ဝန်ကို အကောင်းဆုံး ထမ်းရွက်ကာ နွေဦးတော်လှန်ရေးအတွက် တာဝန်ကျေဖို့ အထူးလိုအပ်လှပေတော့သည်။

 တင်ဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013