DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ လူမှုထူးချွန်ဆုရသူများတွင် မြန်မာနိုင်ငံသား ၂၄ ဦး ပါဝင်
DVB
·
April 11, 2022
ထိုင်းနိုင်ငံ လူမှုထူးချွန်ဆုရသူများတွင် မြန်မာနိုင်ငံသား ၂၄ ဦး ပါဝင်
1 / 3
Donate to DVB

ထိုင်းနိုင်ငံအဖွဲ့အစည်းပေါင်း ၃၀ ကျော်က ပူးပေါင်းအပ်နှင်းတဲ့ ဖရာ့ဆီဝနာ့ခရာ့ချ် Sivanaga​ Award​ 2022 လူမှုထူးချွန်ဆုကို ရဟန်းရှင်လူပြည်သူပေါင်း ၄၀၀ ကျော် ရရှိခဲ့ရာမှာ မြန်မာနိုင်ငံသား ၂၄ ဦးလည်း ရရှိခဲ့ပါတယ်။ 

အဆိုပါဆုကို လူသားကောင်းကျိုးပြုသူများ၊ လူမှုအသိုင်းအဝိုင်းမှာ စံနမူနာပြုထိုက်သူများအတွက် ပံ့ပိုးပေးတဲ့အနေနဲ့ ရွေးချယ်ချီးမြှင့်ပေးတာပါ။

ဒီနှစ်ဆုရတဲ့ထဲမှာ ပရဟိတလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆင်းရဲနွမ်းပါးသူတွေကို ထောက်ပံ့ကူညီပြီး ပညာရေးနဲ့ ယဉ်ကျေးမှုမြှင့်တင်ရေး ဆောင်ရွက်နေတဲ့  နိုင်ငံတကာက  ရဟန်းသံဃာ၊ သီလရှင်၊ အနုပညာရှင်၊ ပရဟိတသမား၊ သတင်းဌာနနဲ့ အသင်းအဖွဲ့တွေ စုစုပေါင်း ၄၀၀ ကျော်ကို ရွေးချယ်ပေးအပ်ခဲ့တယ်လို့ ဆုချီးမြှင့်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ 

ဆုရသူထဲမှာ မြန်မာနိုင်ငံက ဆရာတော် ၁၄ ပါး၊ သီလရှင် ၁ ပါး နဲ့ လူပုဂ္ဂိုလ် ၉ ဦး စုစုပေါင်း ၂၄ ဦး ပါဝင်ပါတယ်။ 

အဲဒီထဲမှာ မွန်ပြည်နယ် မုဒုံ၊ ကျိုက်မရော၊ မော်လမြိုင်နဲ့ သထုံက  အမျိုးဘာသာ၊ သာသနာနဲ့ ပရဟိတလုပ်ငန်းတွေ ဦးစီးဆောင်ရွက်နေတဲ့ မွန်သံဃာတော် ၄ ပါးလည်း ပါဝင်တယ်လို့ လူမှုထူးချွန်ဆုရတဲ့ မုဒုံမြို့ အောင်တော်မူကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဒေါက်တာသီလဝံသ က ဒီဗွီဘီကို ခုလိုမိန့်ပါတယ်။ 

“ဘုန်းဘုန်းကတော့ ဘက်စုံလုပ်တယ်။ ပရဟိတရော၊ သာသနာပြုလုပ်ငန်းရော၊ ဘုရားကျောင်းကန်စေတီပုထိုးတွေ ဆောက်လုပ်တယ်မွမ်းမံတယ်။ တောင်တန်းဒေသသာသနာ ဖွံ့ဖြိုးရေးလုပ်တယ်၊ ဆင်းရဲချို့တဲ့သူတွေပေးကမ်းတယ်၊ အခမဲ့ဆေးခန်းတွေလုပ်တယ် အဲလို လုပ်လာတာ နှစ် ၂၀ လောက်ရှိပြီ။ ဒီမတိုင်ခင် ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေလာပြီး အချက်အလက်ကောက်ခံသွားတယ်။ ဘုန်းဘုန်းအနေနဲ့  နိုင်ငံခြားကပေးတဲ့ လူမှုထူးချွန်ဆုကို ရတာ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။”

အလားတူ ရှမ်းတိုင်းရင်းသားထဲက ဆရာတော်  ၄ ပါး၊ တရားပြ ဆရာမ ၁ ဦးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်သူ မိန်းကလေး ၁ ဦးတို့ ရရှိပါတယ်။ 

အဲဒီထဲမှာ မူဆယ်မြို့ လွိုင်တိန်းခမ်း ကျောင်းထိုင်ဆရာတော် ဒေါက်တာသုခမိန္တ (တောင်တန်းသာသနာပြု) နဲ့ တန့်ယန်းမှ ဆရာတော် ၂ ပါးလည်းပါကြောင်း၊ သူမကတော့ ဆုရဖို့ မမျှော်လင့်ဘဲ ငယ်စဉ်ကတည်းက ဝါသနာစေတနာ စိတ်အရင်းခံနဲ့ ဘာသာရေး၊ ပရဟိတတွေ ဆောင်ရွက်ခဲ့တယ်လို့  ဆုရသူ တရားပြဆရာမ နန်းကြည်ကြည်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမကတော့ ဝါသနာ စေတနာအရင်းခံပြီး သာသနာပြန့်ပွားရေးနဲ့ ပရဟိတကို တစိုက်မတ်မတ်လုပ်ခဲ့တာပါ၊ ဆုရဖို့လည်း မမျှော်လင့်ပါဘူး။ ကောင်းမှုပြုဖို့ မိဘတွေက ငယ်ကတည်းက သွန်သင်ခဲ့တယ်၊ ဆင်းရဲချို့တဲ့သူတွေပေးကမ်းတယ်၊ အလှူအတန်းက လက်နဲ့မပြတ်ခဲ့ပါဘူး၊ နည်းနည်းလေးနဲ့ အမြဲလှူခဲ့တာပါ။”

ဆုရသူနောက်တဦးဖြစ်တဲ့ နန်းလောဝ်အွန်ကလည်း “ကျမကတော့ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ကျေးလက်တောရွာက ကလေးတွေကို စေတနာ့ဝန်ထမ်းစာသင်ပေးပြီး ရှမ်းစာပေ ယဉ်ကျေးမှုအလုပ်တွေ လုပ်လို့ ဒီဆုရတယ်လို့ ထင်ပါတယ်ရှင့်။” 

ဆုပေးပွဲကို ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က ဘန်ကောက် ကျဲင့်ဝပ်ထနနယ်မြေ TOT ဟောလ်ခန်းမကြီးမှာ ကျင်းပခဲ့ပြီး ထိုင်းရိုးရာအကပဒေသာတွေနဲ့ပါ တင်ဆက်ဖျော်ဖြေခဲ့ကာ မြန်မာနိုင်ငံက ဆုရသူတွေ ၂၄ ဦးအနက် သံဃာ ၃ ပါး၊ လူပုဂ္ဂိုလ် ၄ ဦးသာ ဆုလာယူတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013