DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ကာလ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ စစ်ကောင်စီ လျှော့ချထုတ်ပြန်နေဟု ဆေးပညာရှင်များပြော
DVB
·
April 11, 2022
သင်္ကြန်ကာလ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ စစ်ကောင်စီ လျှော့ချထုတ်ပြန်နေဟု ဆေးပညာရှင်များပြော
Donate to DVB

အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ နေ့စဉ်ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အရေအတွက်ကို လျှော့ချ ထုတ်ပြန်နေတယ်လို့  ဆေးပညာရှင်တွေအများစုက ထောက်ပြဝေဖန်နေကြပါတယ်။

CDM ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာဆုမွန်ဖြိုးက “သူတို့လက်ထက် တိုင်းပြည်အေးချမ်းတည်ငြိမ်နေပါတယ်။ သင်္ကြန်ပွဲတော် ခြိမ့်ခြိမ့်သဲ ကျင်းပနေပါတယ်ဆိုတာ ပြချင်လို့ လုပ်နေတာပဲလေ။ အကုန်လုံးကို ဖိအားပေးနေတယ်။ နေ့စဉ်ကိုဗစ်ကူးစက်မှုနှုန်း၊ သေဆုံးနှုန်း ဆိုတာတွေ အကုန်လုံး Nonsense ပဲ။ တကယ်စစ်ဆေးတွေ့တဲ့ ပမာဏတခုရှိတယ်ဆိုရင်တောင် အဘအလိုကျ လျှော့ချထုတ်ပြန်ချက်ပဲ လုပ်ကြမှာ။ ဘာမှ ယုံစားလို့ရတဲ့ အဖွဲ့အစည်းမဟုတ်ဘူး”လို့ ပြောပါတယ်။

အခုရက်ပိုင်း မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန် မြင့်တက်လာနေပေမဲ့ မြန်မာနိုင်ငံမှာတော့ ဧပြီ ၉ ရက်ည ၈ နာရီမှ ၁၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၃ ယောက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ  ၀ ဒသမ ၈၁ ရာခိုင်နှုန်းပဲရှိတယ်လို့ စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်ထားတာပါ။ 

ဒါနဲ့ပတ်သက်ပြီး အောက်မြန်မာပြည် ဆေးသုတေသနဌာန ဝန်ထမ်းအကြီးအကဲဟောင်းတယောက်က “ရောဂါကူးစက်တာတွေ၊ သေဆုံးတာတွေနဲ့ပတ်သက်ပြီးတော့ သုတေသနလုပ် စမ်းသပ်စစ်ဆေးဖို့က နိုင်ငံရေးမတည်ငြိမ်တာနဲ့ တော်တော် အကြပ်ရိုက်နေလို့သာ၊ သူတို့ ထုတ်ပြန်နေသလို ရောဂါကူးစက်နှုန်းက မြန်မာပြည်တစ်ခုတည်းကွက်ပြီး လျော့ကျလာတာ၊ သေဆုံးမှု မရှိသလောက် ဖြစ်လာတာဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အိမ်နီးချင်း ထိုင်းမှာတောင် ရောဂါကူးတာ ပိုများလာမှာစိုးလို့ ဆုန်ကရန်(ထိုင်းရိုးရာသင်္ကြန်ပွဲတော်)ကို ထိန်းချုပ် ကန့်သတ်တာတွေ လုပ်နေတာလေ။ မြန်မာမှာ နေ့စဉ် သေဆုံးမှုတွေထဲ ဒီရောဂါကြောင့် သေဆုံးရတယ်ဆိုတာ ဟုတ်၊ မဟုတ် ဘယ်လို တိုင်းတာမလဲ။ ကုသခွင့်မရတဲ့ အခြေအနေတွေ အများကြီး။ ပြီးခဲ့တဲ့ Third Wave ကိုပဲကြည့်တော့။ သေဆုံးမှုတွေမှာ ကုသခွင့်မရလို့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ယိုယွင်းလို့ အဓိကတရားခံက သူတို့ပဲ”လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ဖိအားပေးပြင်ဆင်နေသလို ပြည်သူတရပ်လုံးကလည်း  ဒီပွဲတော်မှာ မပါဝင်မဆင်နွှဲကြခြင်းနဲ့ အာဏာရှင်ကို ဆက်လက်ပြီးတော့ ဆန့်ကျင်တော်လှန်ဖို့ ပြင်ဆင်နေကြပါတယ်။

လူငယ်တယောက်ဖြစ်တဲ့ ကိုပြည့်စုံကတော့ “ကျနော်ကတော့ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားတယ်။ ကာကွယ်ဆေးထိုးပြီးလည်း ရောဂါက ထပ်ကူးနိုင်တာတော့ သိထားရမယ်။ ထုတ်ပြန်ချက်တွေကလည်း မယုံကြည်ရဘူး။ သတင်းတွေဖတ်ပြီးတော့ ဆင်ခြင်နေရတယ်။ မြို့ပြမှာ ပိုဆိုးတယ်။ လူစုလူဝေးနဲ့က ကူးစက်မှုတွေ ပိုများလာနိုင်တယ်။ ဒီသင်္ကြန်မှာတော့ အိမ်မှာပဲ နေမယ်။ Click မယ်။ ပြည်သူ့အစိုးရ မတက်မချင်း ဘာပျော်ပွဲရွှင်ပွဲတွေမှာမှ မပါဝင်ပါဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီ ဩဇာခံကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှု အရေအတွက်တွေကို နေ့စဉ်ထုတ်ပြန်နေတာကို တွေ့ရပြီး ခုရက်ပိုင်းမှာတော့ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်း လောက်တောင် မရှိတော့ပဲ သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စု လက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်က စတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ကိုဗစ်-၁၉  ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ လက်ရှိအချိန်ထိ ၂၈ သန်းကျော် ထိုးနှံပြီးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ ပြောထားတာပါ။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးသူအရေအတွက်ဟာ နည်းပါးတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013