Home
ဆောင်းပါး
အာဏာလုခဲ့ပြီး အာဏာမဲ့‌နေတဲ့ မင်းအောင်လှိုင်
DVB
·
April 10, 2022
MALLL

မြန်မာစကားမှာ ‘လူမလေး ခွေးမခန့်’ ဆိုတဲ့ အသုံးအနှုန်း ရှိပါတယ်။ လူတယောက်ဟာ သြဇာအရှိန်အဝါ မရှိတော့ဘဲ ဆုတ်ယုတ်သွားရာမှာ လူသူအများက မလေးစားတော့ရုံတင်မကဘဲ ခွေးကပင် မလေးမခန့်ပြုတာ ခံရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါပဲ။ 

ဗုဒ္ဓစာပေ‌တွေနဲ့ သရုပ်ပြမာတိကာကျမ်းထဲမှာတော့ လူမလေး ခွေးမခန့် ၉ မျိုးရှိတယ်လို့‌ ဖော်ပြထားပါတယ်။

၁။ ဝိဓဝေါ - လင်မရှိသော မုဆိုးမ။

၂။ ဒုဗ္ဗလ - အင်းအားမရှိသူ။

၃။ အမိတ္တဉာတိ - ဆွေမျိုးမိတ်သင်္ဂဟ မရှိသူ။

၄။ မဟဂ္ဃသ - အစားကြူး အစားပုတ်သူ။

၅။ ဂရုကာဗာဓ - ကြီးသော ရောဂါရှိသူ။

၆။ ဓနဟီန - ပစ္စည်းဥစ္စာ မရှိသူ။

၇။ အာစာရဟီန - အကျင့်ယုတ်သူ။

၈။ ကမ္မဟီန - အလုပ်မရှိ ပျင်းရိသူ။

၉။ ပယောဂဟီန - လုံ့လ ပယောဂချို့တဲ့သူ။

ဒီကနေ့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်ရက်စက်မှုသရဖူဆောင်းပြီး ယုတ်ညံ့နိမ့်ကျစွာ ပြုကျင့်နေဆဲ အာဏာရူး အကြမ်းဖက်စစ်ဓားပြ ဗိုလ်မင်းအောင်လှိုင်ဟာ အထက်ပါ လူမလေး ခွေးမခန့် အမျိုးအစားထဲက နံပါတ် (၇) အာစာရဟီန - အကျင့်ယုတ်သူ အမျိုးအစား အင်္ဂလိပ်လိုအားဖြင့် Knavish Person မရိုးသားသူ အမျိုးအစားဖြစ်တာမို့ ပြည်သူအများစုရဲ့ မလေးစားမှု အမြင့်ဆုံးခံရပြီး ကျက်သရေမဲ့နေတာပဲ ဖြစ်ပါတယ်။

အရပ်အမောင်းမှာလည်း ခွေးပစ်တဲ့တုတ်သာသာရှိတဲ့ လူမလေးခွေးမခန့်စရာ သမ္မတရူး မင်းအောင်လှိုင်ဟာ လက်နက်အားကိုးနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး နို‌င်ငံတော်အာဏာ ၃ ရပ်နဲ့ ပြည်သူ့လူထုရဲ့အနာဂတ်ကို အကြမ်းဖက်လုယူခဲ့ပေမဲ့ တနှစ်ကျော်လာတာကို အခုချိန်ထိ အာဏာမဲ့နေဆဲဆိုတာ လူတိုင်း မြင်နေရပါတယ်။ 

သူတို့ရဲ့ အဓမ္မအာဏာလုယက်မှုကို ပြည်သူလူထုက ခါးခါးသီးသီး လက်မခံခဲ့တာကြောင့် အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရား၊ ဥပဒေပြုရေးယန္တရားကြီး ၃ ရပ်ဟာ အပြသဘောသာရှိပြီး ဆူညံသံတွေပေးပြီး လည်ပတ်ဖို့ ကြိုးစားနေပေမဲ့ ဖွတ်ချက်ဖွတ်ချက်နဲ့ မရွေ့နိုင်မလည်ပတ်နိုင်ဘူးဆိုတာ အောက်ပါအချက်အလက်တွေက မီးမောင်းထိုးပြနေပါတယ်။ 

ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံး ပြန်လည်ကျင်းပခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ‌မတ်လ ၃၁ ရက်ကနေ ဧပြီ ၉ ရက်ရက်အထိ ကျင်းပနေရာမှာ ကျောင်းသူကျောင်းသား နှစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။ 

အာဏာမလုခင်ထိ ၂၀၂၁ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသားကျောင်းသူ ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့ပေမဲ့ အခု ၂ သိန်းကျော်ပဲ ဖြေတယ်ဆိုတာဟာ ကျောင်းသားအများစုဖြစ်တဲ့ ၇၂ ရာခိုင်နှုန်းဟာ မဖြေဆိုခဲ့တာဟာ လူမလေး ခွေးမခန့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပခဲ့တဲ့သဘောပါပဲ။

နောက်ထပ်ထင်ရှားတဲ့ လူမလေးခွေးမခန့်တဲ့ ကိစ္စကတော့ စစ်ကောင်စီ ရောင်းတဲ့ အောင်ဘာလေထီပဲ ဖြစ်ပါတယ်။ အာဏာလုယူပြီးတဲ့နောက်ပိုင်း ပြည်သူလူထုက စစ်အစိုးရ အခွန်အကောက်မရရှိစေအောင် ရည်ရွယ်ပြီး အောင်ဘာလေထီထိုး အားပေးခြင်းမပြုကြတာမို့ ရောင်းအားသိသိသာသာ လျော့နည်းကျဆင်းလာခြင်း ဖြစ်ပါတယ်။

အောင်ဘာလေထီ ဝယ်လိုအား ကျဆင်းခဲ့မှုကြောင့် ယခင် အရပ်သားအစိုးရလက်ထက်တုန်းက အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းတစ်သောင်းခွဲအထိ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပေမဲ့လည်း စစ်အာဏာလု ကောင်စီ လက်ထက်မှာ အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်သာ ပေးအပ်နိုင်ပါတော့တယ်။ 

အာဏာမသိမ်းခင်က အောင်ဘာလေထီရဲ့ ရောင်းအားဟာ အက္ခရာ (၄၂) လုံးထိ ထုတ်ဝေခဲ့ရပြီး အုပ်ရေ (၃,၄၃၆,၃၅၆) အုပ် ရောင်းချခဲ့ရပေမဲ့ လက်ရှိမှာ အက္ခရာ ၁၀ လုံးသာ ထုတ်ဝေနိုင်ပြီး အုပ်ရေ ၂၅၀၀၀၀ ကျော်သာရှိတဲ့ လူမလေးခွေးမခန့် ထီရောင်းပွဲဖြစ်သွားတာဟာ အာဏာလု မင်းအောင်လှိုင်မှာ အာဏာမဲ့နေတာကိုပြနေတာပါပဲ။

တိုင်းပြည်တပြည်အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးတောင် မှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ရထားတွေ၊ လျှပ်စစ်ကားတွေပြေးဖို့ လူမလေးခွေးမခန့်တဲ့စကားတွေ ပြောတဲ့ သမ္မတရူး မင်းအောင်လှိုင်ကို ၁၀၀ ရာခိုင်နှုန်း လက်မခံတော့တဲ့ ပြည်သူလူထုအများဟာ အုပ်ချုပ်မှုမခံ၊ လက်အောက်ခံအလုပ် မလုပ်လိုတဲ့ CDM နိုင်ငံဝန်ထမ်း သိန်းပေါင်းများစွာ ရှိသလို အာဏာလုယူခဲ့ပြီး ရက်ပေါင်း ၄၀၀ ကျော် တစ်ရက်မှ မပျက်မကွက် ဆန္ဒပြ ငြင်းဆန်ခဲ့ကြသလို၊ မီတာမဆောင်၊ အခွန်မဆောင်၊ စစ်တပ်ထုတ်ကုန်စီးပွားရေးကို အားမပေးကြတာမို့ ရောင်းအားတွေ ထိုးကျကုန်တာဟာ အာဏာလုမင်းအောင်လှိုင်ရဲ့ အာဏာမဲ့နေတာကို ပြနေတာတွေပဲ မဟုတ်လား။

လူသတ်၊ မုဒိမ်း၊ မီးရှို့ စစ်ကောင်စီ ဦးစီးကျင်းပပြီးစီးခဲ့တဲ့ ပွဲလမ်းတွေဖြစ်တဲ့ အကယ်ဒမီဆုပေးပွဲ၊ သာသနာဖျက် အတုအယောင်ဘွဲ့တံဆိပ် အပ်နှင်းပွဲ၊ လူမှုထူးချွန်ဆုတံဆိပ် အပ်နှင်းပွဲတွေကို ကြည့်လိုက်ရင်လည်း ပြည်သူအများစုရဲ့ လှောင်ပြောင်သရော်ခံရတဲ့ လူထုချဉ်ဖတ် စကောင်စီ နောက်လိုက်လက်ပါးစေ လူပုဂ္ဂိုလ် သင်္ကန်းဝတ်တွေနဲ့ စစ်အာဏာရှင်စနစ် လိုလားတဲ့ လူနည်းစုသာ တက်ရောက်တဲ့ လူမလေးခွေးမခန့်ပွဲတွေပဲ ဖြစ်ခဲ့ရတာ မြင်ကြရပါတယ်။

အဲဒီအချက်ကို ထပ်မံသက်သေပြမဲ့ အခုနောက်ဆုံးဖြစ်လာမဲ့ လူမလေးခွေးမခန့် ပွဲကတော့ အာဏာလုစစ်ကောင်စီက အတင်းအဓမ္မကျင်းပ ဖို့စီစဉ်နေတဲ့ သင်္ကြန်ပွဲတော်ပါပဲ။ သူတို့ အုပ်ချုပ်နေတာ ထိန်းချုပ်နိုင်နေပြီ၊ တည်ငြိမ်နေပြီ ဆိုတာကို မဟာတရား အတင်းပြသချင်နေတဲ့ စစ်အခွင့်ထူးခံတသိုက်ဟာ ထုံးစံအတိုင်း ပြည်သူလူထုကို သေနတ်နဲ့ထောက်၊ အာဏာအမိန့်နဲ့ ခြိမ်းခြောက်လို့ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တဲ့ဆိုတဲ့ ကျွန်ပိုင်ရှင်ခေတ်ဟောင်းက ဖလော်ဆော်ဖီအဟောင်းကြီးနဲ့ အားထုတ်လာခဲ့ပြန်ပါတယ်။

မင်းအောင်လှိုင်နဲ့ လက်ပါးစေစစ်မိစ္ဆာတွေ သတ်ဖြတ် မီးရှို့ လုယက်ဖျက်ဆီးခံရ‌နေရတာကြောင့် တပြည်လုံး ကြိမ်မီးအုံးသလို ဆင်းရဲဒုက္ခ‌တွေ့နေရချိန်မှာ ပြည်နယ်/တိုင်း၊ မြို့နယ်‌တွေအလိုက် သင်္ကြန်ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ဖို့နဲ့ စည်စည်ကားကား ကျင်းပကြရန် ညွှန်ကြားထားကြောင်း၊ ဒါပေမဲ့လည်း ငွေကြေးချထားပေးခြင်း မရှိတဲ့အတွက် သက်ဆိုင်ရာ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေအလိုက် သင်္ကြန်စည်ကားရေး ရန်ပုံငွေ‌တွေ ရှာဖွေတဲ့အနေနဲ့ ပြည်သူ‌တွေထံကနေ အတင်းအဓမ္မငွေတောင်းခံနေတဲ့ သတင်းတွေ ဖတ်ခဲ့ရပါတယ်။ 

ပြည်သူကို စစ်ကျွန်လိုအမြဲသဘောထားတာမို့ “မြောက်ဥက္ကလာမှာရှိတဲ့ ဟိုတယ် တည်းခိုခန်းတွေ ပိုင်ရှင်တွေဆီကနေ တစ်ဦးကို ၂ သိန်းဆီ စစ်တပ်က ဆက်ကြေးလိုက်ကောက်ရာမှာ တောင်းတာကလည်း မပေးရင် ဖမ်းမယ် ဆီးမယ်လို့ကို ပြောပါသတဲ့။  ပြီးတော့ မဏ္ဍပ်မှာ ရေပက်ဖို့ လူလွှတ်ပေးဖို့နဲ့ ရေလာဆော့ဖို့ခေါ်တယ်။ လုံခြုံရေးပေးထားမယ်လို့ စစ်တပ်က ပြောတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်က တည်းခိုခန်းပိုင်ရှင်တစ်ဦးက ပြန်ပြောခဲ့တဲ့သတင်းနဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာလည်း စစ်ကောင်စီ သင်္ကြန်ပွဲတော်စည်ကားရေးအတွက် ဘားအံမြို့နယ် အတွင်းမှာရှိတဲ့ ရပ်ကွက်တွေက အိမ်ထောင်စုတစ်စုကို ငွေကျပ် ၂၀၀၀ ကောက်ခံနေကြောင်း ပြည်သူ‌တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုတဲ့ သတင်းကိုလည်း ဖတ်ခဲ့ရပါတယ်။

ဒါ‌အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ပြည်တွင်းစစ်မီးတောက်‌လောင်ပြီး တနိုင်ငံလုံး ငရဲကျနေချိန်မှာ ပြည်သူသတ်စစ်ကောင်စီသင်္ကြန်ကို ပူးပေါင်းမဆင်နွှဲကြဖို့ သတိပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့အလိုဆန္ဒမပါဘဲ ခြိမ်းခြောက်မှုတွေနဲ့ ဇွတ်ကျင်းပခိုင်းမဲ့ စစ်ကောင်စီ သင်္ကြန်ဟာလည်း ရှေ့ပိုင်းက အစီအစဉ်များလို မစည်မကားဘဲ အဖြစ်သာ ကျင်းပတဲ့ ပွဲလမ်းတခုဖြစ်မှာ သေချာလှပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်၊ လက်နက်အားကိုး အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထု အများစုရဲ့ ထောက်ခံမှုမရှိတဲ့အတွက် ဘယ်လိုနည်းလမ်းနဲ့ဘဲ စီမံအုပ်ချုပ်ပါစေ၊ ဘာတွေပဲ အကောင်အထည်ဖော်ဖော်၊ ဘာပွဲလမ်းသဘင်အခမ်းအနား ဖြစ်ပါ‌စေ၊ သူတို့လုပ်သမျှဟာ ဘယ်လိုမှ အောင်မြင်မှုမရနိုင်ဘဲ အယောင်ပြ၊ ဟန်ပြအစီအစဉ်တွေအဖြစ်နဲ့ ပြည်သူလူထုရဲ့ လှောင်ပြောင်မှုသာခံရပြီး လူမလေး ခွေးမခန့် အာဏာလုအစိုးရအဆင့်က တက်မလာဘဲ မကြာခင် ချုပ်ငြိမ်းကွယ်ပျောက်သွားရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024