
မြန်မာ–တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က သိန်းသန်းချီ အဝေးပြေးကားကြီးဝင်း အနီးမှာ ဧပြီ ၇ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“မူဆယ်ဂေါက်ကွင်းဘေး သိန်းသန်းချီကားကြီးဝင်း အနီးမှာ ဒီနေ့ ဗုံးပေါက်သွားတယ်။ ဘယ်အဖွဲ့က လုပ်တာလဲတော့ မသိရသေးဘူး။”
ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားက အဆောက်အဦတွေ လေကာမှန်တွေ ကွဲကုန်ပြီး လူထိခိုက်မှုနဲ့ အိုးအိမ်ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာတဝိုက်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ နေ့ညစဉ်ဆက်ရှိနေပြီး အခုရက်ပိုင်းအတွင်း စစ်ရေးပြလေ့ကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ၊ ပြည်သူ့စစ်တပ်ဖွဲ့တွေ၊ တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေ လှုပ်ရှားနေပြီး ပစ်ခတ်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။