DVB Logo
Home
မြန်မာသတင်း
KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီက ဗုံးကြဲ၊ ကျောင်းထိုင်ဆရာတော်နှင့် ပြည်သူ ၁ ဦး သေဆုံး
DVB
·
April 7, 2022
KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီက ဗုံးကြဲ၊ ကျောင်းထိုင်ဆရာတော်နှင့် ပြည်သူ ၁ ဦး သေဆုံး
1 / 2
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၅ နယ်မြေ မယ်သူဒေသတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဃောဝါးရွာသား ၁ ဦးသေဆုံးပြီး ထီးကေလို ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့တယ်လို့ ဧပြီ ၆ ရက်မှာ KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက ဧပြီ ၅ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဃောဝါးရွာသား စောသိန်းအောင် ဗုံးဆန်ထိမှန် သေဆုံးခဲ့သလို ပျောက်ဆုံးနေတဲ့ ထီးကေလို ကျောင်းထိုင်ဆရာတော် အရှင်ဩဘာသ (ဝါတော် ၄ ဝါ) ရဲ့ ရုပ်ကလာပ်ကို တောတွင်းတနေရာမှာ ပုပ်ပွပြီး ပျံလွန်တော်မူနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဝိုင်းဝန်းရှာဖွေခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဧပြီ ၅ ရက် ညနေ ၃ နာရီခွဲလောက်က မယ်ဝေ(မဲဝိုင်) ဒေသကို စစ်ကောင်စီ လေယာဉ် ၄ စီး ရောက်ရှိလာပြီး လေယာဉ်ပေါ်ကနေ အမျိုးအမည်မသိ ပါဆယ်ထုပ်တွေကို လေထီးနဲ့ အမြောက်အမြား ကြဲချခဲ့သလို ညနေ ၄ နာရီလောက်မှာ ထပ်မံရောက်ရှိလာတဲ့ လေယာဉ် ၂ စီးပေါ်ကနေ ဗုံးကြဲချပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနေ့ ညနေ ၅ နာရီလောက်က နယ်ခြားစောင့် (BGF) အမှတ် ၁၀၁၃ တပ်ရင်းမှူး ကျော်ဝင်း ဦးဆောင်ပြီး မထောဒေသအတွင်း လှုပ်ရှားနေတဲ့ တပ်ခွဲမှူး ဗိုလ်ဘာယိုက ထီးဘောဒေး ကျေးရွာအတွင်းကို ၈၁ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာသား စောဖားတူးနေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ ‌မြေပြင် လက်နက်ကြီး ပစ်ခတ်မှုအတွင်း ဒေသခံ အရပ်သား ပြည်သူတွေဟာ ဘေးကင်းလုံခြုံရာ တောတောင်၊ လျှိုမြောင်တွေအတွင်းကို ကြိုတင် ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဧပြီ ၄ ရက်၊ မွန်းလွဲ ၂ နာရီလောက်က ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်ရင်းထဲကနေ မယ်ဝေဒေသအတွင်းကို လက်နက်ကြီး ၁၀ လုံး လှမ်းပစ်ခတ်ခဲ့တဲ့အတွက် တိုမယ်ခီး (တံတားဦး) ကျေးရွာသားပိုင် ဆန်စက်ကို ထိမှန်ခဲ့တဲ့အတွက် မီးလောင်ပျက်စီးခဲ့ပါတယ်။

အဲဒီနေ့ မွန်းလွဲ ၃ နာရီလောက်က စစ်ကောင်စီရဲ့ မယ်ဝေတပ်စခန်းက ပတ်ဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီး၊ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကနေ ရိက္ခာထုပ်တွေ ကြဲချချိန် KNLA ဒေသခံတပ်ရင်း၊ တပ်ခွဲ၊ တပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်း ပစ်ခတ်ခဲ့တဲ့အတွက် ရိက္ခာထုပ်တွေ မကြဲချနိုင်တော့ဘဲ နောက်ကြောင်းပြန်လှည့်သွားခဲ့ရပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စောမူပလေကျေးရွာအုပ်စု၊ စစ်ကောင်စီရဲ့ စောနွယ်ပလော တပ်စခန်းကို မနက် ၆ နာရီလောက်က တကြိမ်၊ မနက် ၈ နာရီခွဲလောက်က ကော်သူးဒဲမှာ တကြိမ်နဲ့ ၉ နာရီလောက်က စောနွယ်ပလောမှာ ထပ်မံပြီး KNLA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၃ ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဧပြီ ၄ ရက် မနက် ၁ဝ နာရီလောက်က ဖားလုံးကြီးနဲ့ ထီးကဆောမဲအကြား ကလောလူခီးဒေသကနေ မောင်းနှင်လာတဲ့ BGF ရိက္ခာယာဉ်တန်းကို တပ်မဟာ ၅ ဌာနချုပ် တပ်ဖွဲ့ဝင်တွေနဲ့ တပ်ရင်း ၁၀၂၊ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေက ပူပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် BGF တပ်ရင်းမှူး ၁ ဦး၊ တပ်ခွဲမှူး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သလို ဒဏ်ရာရရှိမှုကို KNU က အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဧပြီ ၃ ရက် စောမူပလေကျေးရွာအုပ်စု၊ စစ်ကောင်စီရဲ့ စောနွယ်ပလောတပ်စခန်းကို မနက် ၆ နာရီလောက်က တကြိမ်၊ မနက် ၇ နာရီလောက်မှာ တကြိမ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း၊ တပ်ခွဲ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဧပြီ ၃ ရက် မနက် ၅ နာရီလောက်က မယ်ဝေအထက်စုကျေးရွာက နေအိမ် ၅ လုံးကို စစ်ကောင်စီရဲ့ မယ်ဝေ လှုပ်ရှားစစ်ကြောင်းက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ အခြေစိုက်တပ်တွေနဲ့ BGF တပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ငှက်ဖျား၊ တုပ်ကွေး၊ နှာစီး ချောင်းဆိုး ရောဂါတွေ အပြင်းအထန် ခံစားနေရပြီး မသန့်ရှင်းတဲ့ သောက်သုံးရေတွေကို သောက်သုံးနေရသလို နောက်ဆက်တွဲ ရောဂါတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013