DVB Logo
Home
မြန်မာသတင်း
Burma Act 2021 ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြု
DVB
·
April 7, 2022
Burma Act 2021 ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြု
Donate to DVB

မြန်မာစစ်တပ်ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေပိုမိုလုပ်ဆောင်ဖို့နဲ့ မြန်မာ့ဒီမိုရေစီလှုပ်ရှားမှုကို အားပေးကူညီဖို့ ရည်ရွယ်တဲ့ မြန်မာပြည်ဆိုင်ရာဥပဒေ Burma Act 2021 ကို အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့အပေါ် Global Witness အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

ဒီဥပဒေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ  စတင်တင်သွင်းခဲ့တာဖြစ်ပြီး ဒီမိုကရက်နဲ့ ရီပတ်ပလေကန်တွေအကြား လွှတ်တော်မှာ  ဆွေးနွေးညှိနှိုင်းမှုတွေ လအတန်ကြာပြုလုပ်ခဲ့ပြီး နောက်မှာ ဧပြီ ၆ ရက်က အတည်ပြုလိုက်တာဖြစ်ပါတယ်။ 

 “The Burma Unified through Rigorous Military Accountability Act of 2021”  (စစ်တပ်ကို အပြင်းထန်ဆုံးနည်းလမ်းဖြင့် တာဝန်ခံစေခြင်းဖြင့် မြန်မာပြည်ပေါင်းစည်းရေးဥပဒေ ၂၀၂၁) လို့ အဓိပ္ပါယ်ရတဲ့ ဒီဥပဒေဟာ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့၊ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ပံ့ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့နဲ့ မြန်မာ စစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် တာဝန်ခံမှုရှိစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ 

ဒီဥပဒေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ ရှေ့ဆက်လှမ်းလိုက်တဲ့ ခြေလမ်းကြီးဖြစ်တယ်၊ ဒီဥပဒေကို  အောက်လွှတ်တော်မှာ ပါတီနှစ်ခု တညီတညွတ်တည်းသဘောတူအတည်ပြုလိုက်တာဟာ အမေရိကန်ရဲ့ အစီအစဉ်လုပ်ငန်းစဉ်ထဲမှာ မြန်မာနိုင်ငံအရေးကိစ္စ အခိုင်အမာရှိတယ်ဆိုတာပြသလိုက်တာပဲလို့   Global Witness ရဲ့ မြန်မာနိုင်ငံဆိုင်ရာစည်းရုံးလှုပ်ရှားသူ အကြီးတန်းအရာရှိ  ဟန်နာဟင်စထရောင်းက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒီဥပဒေကို ဆီးနိတ်အထက်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးအတည်ပြုဖို့နဲ့ နောက်ဆုံး သမ္မတလက်မှတ်ထိုးဖို့အဆင့်တွေတော့ ဆက်လုပ်ဖို့  ကျန်နေသေးတာဖြစ်ပါတယ်။ 

ဒီဥပဒေကြမ်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်က အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ နယူးယောက်မှ ဒီမိုကရက်လွှတ်တော်အမတ် ဂရီဂိုရီဒဗလျူမိခ်ဟာ မေရီလန်းပြည်နယ်မှ ဘင်ဂျမင်အယ်လ်ကာဒင်နဲ့ အိုဟိုင်းယိုးပြည်နယ်ကိုယ်စားပြု ရီပတ်ဘလီကန်အမတ် စတိဗ်ချားဘော့တ်တို့နဲ့အတူ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းမှာ လက်ရှိမြန်မာနိုင်ငံမှာ ဒုက္ခမျိုးစုံခံစားနေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကူအညီအထောက်အပံ့ပေးဖို့၊ တရားမျှတမှုဖော်ဆောင်ရေးကိစ္စတွေဆောင်ရွက်ဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက ဦးဆောင်ပြီးဆောင်ရွက်ဖို့၊ စစ်ကောင်စီရဲ့အဓိကဝင်ငွေရလမ်းဖြစ်တဲ့ ကျောက်မျက်လုပ်ငန်းနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) တို့ကို ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေလုပ်ဖို့ စတဲ့ အရေးကြီးတဲ့အချက်တွေ အများကြီးပါဝင်တာပါ။

ဒါ့အပြင် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ် တာဝန်ခံမှုရှိစေဖို့၊ မြန်မာပြည်ဆိုင်ရာ အထူးညှိနှိုင်းရေးမှူးရာထူးခန့်အပ်ဖို့ လာမယ့် ၅ နှစ်အတွင်း  မြန်မာကို လူသားချင်းစာနာမှုအကူအညီနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် အမေရိကန် ဒေါ်လာ သန်း ၄၅၀ အကူအညီပေးဖို့လည်း ပါဝင်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် မြန်မာစစ်အာဏာရှင်အုပ်စုကို ဖိအားပေးဖို့ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ (BURMA ACT 2021) ကို အတည်ပြုပေးဖို့ အမေရိကန်ရောက်မြန်မာအသိုက်အဝန်းကကလည်း အမေရိကန် လွှတ်တော်ကို  တောင်းဆိုထားပါတယ်။

ဒီဥပဒေမူကြမ်းဟာ အရင်အဆက်ဆက်ရှိခဲ့တဲ့ ဥပဒေတွေနဲ့မတူဘဲ ပိုပြီးပြည့်စုံကောင်းမွန်တဲ့ မူကြမ်းဖြစ်တာကြောင့် မြန်မာပြည်သူတွေအတွက်တော့ အကျိုးအများကြီးရှိစေမယ်လို့ ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဥပဒေမူကြမ်းထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUGကို အစိုးရတစ်ရပ်အနေနဲ့သ သုံးနှုန်းပြီး တရားမျှတမှုဖော်ဆောင်ပေးဖို့ကိစ္စတွေကို ထည့်သွင်းထားတာကြောင့် ဒီဥပဒေအတည်ပြုရင် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုတယ်ဆိုတဲ့သ ဘောမျိုးကိုလည်းတွေ့ရမှာဖြစ်တယ်လို့ဆိုပါတယ်။

အမေရိကန်အနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို လုံးဝအသိအမှတ်မပြုဘူးဆိုတာလည်း ဒီဥပဒေမူကြမ်းမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ဆိုပါတယ်။

ဥပဒေကြမ်းအတည်ပြုနိုင်ဖို့  အလားအလာကောင်းတွေ အများကြီးရှိနေသလို ဆီးနိတ် အထက်လွှတ်တော်မှာတော့ စောင့်ကြည့်ရမယ့် အနေအထားတစ်ခုလည်းရှိပြီး ရီပတ်ပလေကန်အမတ်တွေကို စည်းရုံးဖို့ လိုနေသေးတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ 

အရင်အဆက်ဆက်ရေးဆွဲတင်သွင်းခဲ့တဲ့ Burma Act ဥပဒေမူကြမ်းတွေဟာ ဒီမိုကရက်တစ်နဲ့ ရီပတ်ပလေကန်အမတ်တွေ ပူးပေါင်းရေးဆွဲတင်သွင်းတာဖြစ်ပြီး အခုဥပဒေမူကြမ်း ကတော့ ဒီမိုကရက်တစ်တွေဘက်က ဦးဆောင်တင်သွင်းတာဖြစ်လို့ ပါတီနှစ်ခုကြား သဘောထားမတိုက်ဆိုင်တာတွေရှိလာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013