DVB Logo
Home
မြန်မာသတင်း
BIMSTEC အစည်းအဝေးတွင် စစ်ကောင်စီဝန်ကြီးကို တက်ခွင့်ပြုသည့်အပေါ် အိန္ဒိယ ကာကွယ်
DVB
·
March 31, 2022
BIMSTEC အစည်းအဝေးတွင် စစ်ကောင်စီဝန်ကြီးကို တက်ခွင့်ပြုသည့်အပေါ် အိန္ဒိယ ကာကွယ်
Donate to DVB

ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  ဘင်းမ်စတက် (BIMSTEC) ရဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ပါဝင် တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ်  အိန္ဒိယအစိုးရက ကာကွယ်ပြောဆိုလိုက်ပါတယ်။

မတ်လ ၃၀ ရက်မှာ သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ ပဉ္စမအကြိမ်မြောက်  ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်က  နေပြည်တော်ကနေ  ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဘင်းမ်စတက်အဖွဲ့ဝင်တွေအနေနဲ့  မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရမယ်လို့ အိန္ဒိယရဲ့ပြည်ပရေးရာဝန်ကြီးဌာန အကြီးတန်းအရာရှိ တွဲဖက်အတွင်းရေးမှူး  ရူဒရန်ဒြာတန်ဒွန်က  ထိပ်သီးအစည်းအဝေး အပြီး မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘင်းမ်စတက် ပလက်ဖောင်းပေါ်ရှိ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ အောင်မြင်စေဖို့အတွက် နိုင်ငံအားလုံးရှိနေဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်ဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံဟာလည်း ဘင်းမ်စတက်ရဲ့ အရေးပါတဲ့ ဖွဲ့စည်းပုံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အလွန်အရေးကြီးတဲ့ ပထဝီဝင်အနေအထားလည်းရှိတယ်လို့ ပြောပါတယ်။ 

ဒီထိပ်သီးအစည်းအဝေးမှာ  အပြည်ပြည်ဆိုင်ရာ အထောက်အထားတစ်ခုအဖြစ် သတ်မှတ်ပေးမယ့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းကို အတည်ပြုခဲ့သလို တခြားအရေးကြီးတဲ့ သဘောတူညီချက်တွေကို လည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီလို လက်မှတ်ထိုးနိုင်တာဟာ ဘင်းမ်စတက်အဖွဲ့ကြီးကို စည်းမျဉ်းစည်းကမ်းကို အခြေပြုတဲ့ အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိစေခဲ့ကြောင်း၊ ဘင်းမ်စတက်ပဋိညာဉ်စာတမ်းဟာ အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှု၊ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်လေးစားမှုနဲ့ တူညီဆန္ဒအပါအဝင် လက်ရှိကျင့်သုံးနေတဲ့ ဘင်းမ်စတက်ရဲ့ မူဝါဒတွေကို ထပ်လောင်းအတည်ပြုထားတယ်လို့ စစ်ကောင်စီဝန်ကြီး  ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်မှာ ဘင်းမ်စတက်အဖွဲ့ဝင် ၇ နိုင်ငံရဲ့ စုစည်းညီညွတ်မှုနဲ့ ဒေသတွင်း ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို အခိုင်အမာတည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်းနဲ့ အကြမ်းဖက်မှုဝါဒဟာ လူသားမျိုးနွယ်စုအားလုံးအတွက် လက်မခံနိုင်တဲ့ ကိစ္စဖြစ်လို့ အကြမ်းဖက်မှုဟူသမျှကို မလွဲမသွေရှုတ်ချရမယ်လို့လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်က အစည်းအဝေးမှာ ပြောသွားပါတယ်။ 

အဆိုပါအစည်းအဝေးကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့  ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနဲ့  ထိုင်းနိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့  ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဘင်းမ်စတက်အဖွဲ့ရဲ့ လာမယ့် အလှည့်ကျဥက္ကဋ္ဌအဖြစ် ထိုင်းနိုင်ငံက တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဘင်းမ်စတက်အဖွဲ့အနေနဲ့  မြန်မာအာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် မပေးဖို့  ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေတဲ့ကြားက အခုလို  စစ်ကောင်စီကိုယ်စားလှယ်ကို အစည်းအဝေး တက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013