စစ်ကိုင်းတိုင်း ကလေးမြို့ ဆည်တံတားကြီးအနီးမှာ မတ် ၂၉ ရက် နေ့လယ်ပိုင်းက စည်ပင်ဌာန အမှိုက်သယ်ယာဉ် ဖောကား ၃ စီးကို အမည်မသိ လက်နက်ကိုင်လူတစုက လုယူမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စည်ပင်က ဝန်ထမ်း ၃ ဦးက ကား ၃ စီးနဲ့ တယောက် ၁ စီး စီးလာကြတာတော့ မြင်လိုက်တယ်။ တံတားအနားမှာ လက်နက်ကိုင် လူ ၉ ဦးလောက်က ရပ်တန့်ခိုင်းတာ။ အဲ့လက်နက်ကိုင်တွေက မျက်နှာကို mask အမည်းအုပ်ထားတယ်၊ ပြီးရင် ဦးထုပ်အမည်း ဆောင်းထားတယ်” လို့ အနီးနား နေသူတဦးက ပြောပါတယ်။
လုယက်မှုကြောင့် မော်တော်ယာဉ် ၃ စီးအပြင် ယာဉ်မောင်း ၃ ဦးရဲ့ လက်ကိုင်ဖုန်း ၃ လုံး၊ ပိုက်ဆံ ကျပ် ၁ သိန်းလောက် ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကလေးမြို့ စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားတာ မရှိသေးဘဲ လုယက်ခဲ့တဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့ကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံတွေရဲ့ နေအိမ်တွေ ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို နိုင်ငံရေး မတည်မငြိမ်မှုတွေကြောင့် ကလေးမြို့မှာ လုယက်မှု၊ ခိုးမှု၊ လူသတ်မှု၊ ရာဇဝတ်မှု မှုခင်းဖြစ်စဉ်တွေ ပိုပိုတိုးလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။