DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ထမ်း ၃၀၀ ကျော်ကို NUG က အမည်ပျက်စာရင်းသွင်း ထုတ်ပယ်
DVB
·
March 30, 2022
စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ထမ်း ၃၀၀ ကျော်ကို NUG က အမည်ပျက်စာရင်းသွင်း ထုတ်ပယ်
Donate to DVB

အကြမ်းဖက် စစ်ကောင်စီဩဇာခံ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အမြဲတန်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တွေ အပါအဝင် အမှုထမ်း အရာထမ်း ၃၀၀ ကျော်ကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်ပါတယ်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မတ် ၂၉ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပြီး ဝန်ကြီးဌာနအနေနဲ့ မတရားတဲ့ အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်စေရေးတို့အတွက် အလေးထားဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိနှိပ်တာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှ ထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာ၊ တရားစွဲဆိုတာ၊ ပြည်သူ့အစိုးရက ပြန်လည်ပေးဆပ်ဖို့ မလိုကြောင်း ထုတ်ပြန်ထားတဲ့ ၂ လစာ ချေးငွေတွေကို ပြန်လည်တောင်းခံတာတွေ အပါအဝင် အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့အပြင် ဖော်ပြပါ အရာထမ်း၊ အမှုထမ်း ၃၁၈ ယောက်တို့ကို အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တဲ့ ကာလနောက်ပိုင်း ရာထူးတိုးမြှင့်တာတွေကို NUG အနေနဲ့ အသိအမှတ်မပြုတဲ့အတွက် အဲဒီကာလမတိုင်ခင်က ရာထူးတွေနဲ့သာ ထုတ်ပြန်ထားတာဖြစ်ပြီး စစ်ကောင်စီဩဇာခံ ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်က ပြည်ထောင်စုဝန်ကြီးရုံး၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန၊ အဆောက်အဦ ဦးစီးဌာန စတဲ့ ဌာနတွေအသီးသီးက ဝန်ထမ်းတွေ ပါဝင်နေပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကြေညာခဲ့ပြီး နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၂၀ နီးပါးနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၀၀၀ ကျော် ရှိခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013