
သမိုင်းရဲ့ မှားတဲ့ဘက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ရွေးချယ်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးက အောက်တိုဘာ ၁၄ ရက်မှာ ဝေဖန်ပါတယ်။
ရုရှားဆီက ဒီဇယ်ဝယ်ယူဖို့ ထရမ့်ပ်ရဲ့ သဘောတူညီချက်ကြောင့် သစ္စာဖောက်ခံရသလို ခံစားရတယ် လို့ လန်ဒန်မြို့မှာ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ဇလန်းစကီးက “ခင်ဗျား အလယ်မှာနေတယ်ဆိုရင် အလယ်မှာပဲ နေရမှာပေါ့။ မှားတဲ့ဘက် ရောက်မသွားရဘူးလေ။ သူ့အကြံပေးတွေ လွဲနေတယ်လို့ ကျနော် ထင်ပါတယ်။ မှန်တဲ့ဘက် မရောက်အောင် ဘယ်သူက တွန်းနေလဲမသိဘူး။ ဒါဟာ သမိုင်းရဲ့ မှန်တဲ့ဘက် မဟုတ်ပါဘူး” လို့ ပြောပါတယ်။
Starlink ချိတ်ဆက်မှုပြဿနာနဲ့ပတ်သက်ပြီး အီလွန်မက်စ်ကို ဘာပြောချင်လဲဆိုတဲ့ မေးခွန်းကို တော့ “လူတွေ သေဆုံးရပါလိမ့်မယ်” လို့ ဇလန်စကီးက ဖြေပါတယ်။
“တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး Starlink အလုပ်မလုပ်ရင် ဒါဟာ အထောက်အကူမဖြစ်ပါဘူး” လို့လည်း သူက ပြောပါတယ်။
ထရမ့်ပ်ကတော့ ရုရှားရေနံချက်စက်ရုံတွေကို ယူကရိန်း တိုက်ခိုက်မှုကြောင့် ဒီဇယ်ဈေးတွေ မြင့်တက်တယ်လို့ အပြစ်တင်ပြီး တိုက်ခိုက်မှုရပ်ဖို့ ဖိအားပေးနေပါတယ်။
လန်ဒန်ခရီးစဉ်မှာ ဇလန်စကီးဟာ ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်နမ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘန်နမ်က ယူကရိန်းအပေါ် ဗြိတိန်ရဲ့ ထောက်ခံမှု ပြောင်းလဲမှာမဟုတ်ဘူးလို့ အာမခံပါတယ်။
ရုရှားဒရုန်းတွေကို ပစ်ချဖို့ အသုံးပြုတဲ့ အပေါ့စား ဘက်စုံသုံးဒုံးကျည်တွေကိုလည်း ပိုမြန်မြန် ပို့ပေးမယ်လို့ ဗြိတိန်က ကတိပြုထားပါတယ်။
Source: Reuters











