DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မည့် အခြေအနေ ရင်ဆိုင်နေရ
DVB
·
March 24, 2022
ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မည့် အခြေအနေ ရင်ဆိုင်နေရ
Donate to DVB

ကရင်နီ စစ်ရှောင်တွေ စားနပ်ရိက္ခာ ပြတ်တော့မယ့်အရေး ရင်ဆိုင်နေရသလို ကျန်းမာရေးပိုင်း ဆိုင်ရာမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကရင်နီ(ကယား) ပြည်နယ်မှာ အခုနှစ်ဆန်း ဇန်နဝါရီလဆန်းပိုင်းကစပြီး လွိုင်ကော်မြို့ပေါ်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ ဒီကနေ့အထိ မိုးဗြဲကနေ ဒီးမော့ဆိုမြို့နယ် အတွင်းပိုင်းအထိ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ နေရာ ထပ်မံရွှေ့ပြောင်း နေထိုင်နေကြရပါတယ်။
အခုနှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်းတွေကို စားနပ်ရိက္ခာ ပေးပို့တဲ့ လမ်းကြောင်းတွေ ပိတ်ကုန်ပြီး လက်ရှိမှာ စစ်ရှောင်တွေဟာ အစားအစာ မျှဝေစားသောက်နေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ KSCC ရဲ့ စားနပ်ရိက္ခာဆိုင်ရာ စီမံမှု ပန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်သူ ကိုဗညားက ပြောပါတယ်။
“ကျနော်တို့ရဲ့ ကွင်းဆင်းလေ့လာမှုအရ အိုင်ဒီပီစခန်း ကော်မတီတွေရယ်၊ အိုင်ဒီပီကိုယ်၌သော်လည်းကောင်း ဒီ အိုင်ဒီပီတွေနဲ့ နီးကပ်လျက်ရှိနေတဲ့ ကျေးရွာအုပ်စုက ရွာအကြီးအကဲတွေနဲ့ အရင်နှစ်ပတ်သုံးပတ်က လူထုတွေ့ဆုံမှု လုပ်တော့ သူတို့ အိုင်ဒီပီစခန်း အများစုက နှစ်ပတ်တကြိမ် သူတို့ စားနပ်ရိက္ခာဝေတယ်၊ ဒါပေမယ့် အခု နှစ်ပတ်တကြိမ် ဝေဖို့က စားနပ်ရိက္ခာတွေက တော်တော်လေးကို ပြတ်တောက်သွားတယ်ဆိုတာ ဖြစ်တယ်။ အဲတော့ အလွန်ကျွန်ဆုံးက ၁ လလောက်ပဲ ခံနိုင်ရည်ရှိမယ်ဆိုတာ ခန့်မှန်းရတယ်။ ဒီ ၁ လတောင်မှာ ဒီ အိုင်ဒီပီကို လက်ခံထားတဲ့ တချို့ကျေးရွာကနေ စပါးတွေ၊ ဆန်တွေ နည်းနည်းကျန်တာပေါ့နော်။ အဲဒီဟာတွေနဲ့ မျှဝေစားသုံးရင်တောင်မှ ၁ လ၊ ၁ လခွဲ အလွန်ဆုံးပဲ။ အိုင်ဒီပီကိုယ်၌က ၁ လကတော့ မနည်းတောင့်ခံရမယ်။ ပုံမှန် လူထုတွေကတော့ ၁ လခွဲ ၂ လကတော့ တောင့်ခံနိုင်တဲ့ အခြေအနေတွေရှိတယ်။ ဒါပေမယ့် အိုင်ဒီပီကမ့်ပ် ဖြစ်မယ်ရင်တော့ ၁ လထက် ကျော်ပြီးတော့ တောင့်ခံနိုင်မယ့် အခြေအနေ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ စားနပ်ရိက္ခာဝေတဲ့ လမ်းကြောင်းတွေ အားလုံးက ပိတ်ခံရတယ်။ နောက်တပိုင်းက ပြည်နယ်မှာထွက်တဲ့ စားနပ်ရိက္ခာနဲ့ ပြည်နယ်မှာ စိုက်ပျိုးလို့ထွက်တဲ့ တောင်ယာစပါးတွေကလည်း တော်တော်များများ ကုန်သွားပြီ။”
စစ်ကြောင့် ကရင်နီပြည်နယ်မှာ လူပေါင်း ၁၂၀,၀၀၀ လောက်အတွက် မဖြစ်မနေ စားနပ်ရိက္ခာပေးရမယ့် အနေအထားဖြစ်ပြီး တချို့ အရမ်းဆင်းရဲချို့တဲ့တဲ့ မိသားစုတွေလည်း စားနပ်ရိက္ခာ ဝေရမယ့် အနေအထား ဖြစ်နေပါတယ်။
အလားတူ ဆေးဝါးပိုင်းဆိုင်ရာမှာလည်း ပြတ်လပ်မှုတွေ ရင်ဆိုင်နေရပြီး အခု ကျေးရွာတော်တော်များများက ရွာလုံးကျွတ် နှာစေးချောင်းဆိုး ကိုယ်ပူ ဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။
“ဆေးဝါးက တော်တော်လေးတော့ ပြတ်လပ်မှုကို စကြုံရတာပေါ့နော်။ ဆေးဝါးမှာတဲ့လူ တအားများလာတယ်။ အခု စခန်းသွားတဲ့အချိန်မှာ ဆေးဝါးပြတ်လပ်မှုတွေ ကြုံရတယ်။ အရင်က အဝေးကနေ မှာရတယ်။ အရင် နှစ်ရက်သုံးရက် ရောက်တဲ့ဟာကို အခုက တပတ်နှစ်ပတ်ကြာတယ်။ ပြီးတော့ အခုက ရာသီတုပ်ကွေးနဲ့ ပိုဆိုးတာက အိုမီခရွန်ကလည်း ကျနော်တို့ဒေသမှာ အရင်လကတည်းက တော်တော့ကို ပျံ့နှံ့မှုတွေ ရှိနေတယ်။ ကျနော်ကိုယ်၌လည်း အိုမီခရွန် ဖြစ်နေတယ်။ ဆိုတော့ မတတ်နိုင်တော့ဘူး။ ဆေးစစ်လည်း တွေ့မှန်းသိတယ်။ အဲတော့ အဲဒီဟာကို သက်သာဖို့အတွက် အကိုက်ခဲပျောက်ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ၊ ချွဲသလိပ်မကပ်ဲတဲ့ဆေးတွေ၊ ပုံမှန်စားသောက်နိုင်အောင်ပဲ ကြိုးစားတာပေါ့နော်။ ဆေးရုံဆေးခန်းကိုယ်၌ကလည်း အဲလိုပဲလုပ်နေတယ်။”
ပြီးခဲ့တဲ့အပတ်တွေက စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်အများစု အားထားရတဲ့ လိုဘာခိုဆေးရုံလည်း ပိတ်လိုက်ရပြီး ရှိနေတဲ့ ဆရာဝန်တွေကလည်း နိုင်ရာကိုယူပြီး နယ်လှည့်ပြီး ကုသပေးနေရတဲ့ အနေအထား ဖြစ်နေပါတယ်။
ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာက စစ်ရှောင်သူတဦးက အခုရက်ပိုင်း အချိန်အခါမဟုတ် မိုးရွာမှုကြောင့်လည်း ထပ်ဆင့် အခက်အခဲ ကြုံနေရသလို ရေရှားပါးတဲ့ ပြဿနာအပြင် မိမိအိုးအိမ်တွေကို စိုးရိမ်ပူပန်ပြီး ကျန်းမာရေး ထိခိုက်လာမှုတွေလည်း ရှိနေတယ်လို့‌ ပြောပါတယ်။
“စစ်ရှောင်အများစုက ပြည်နယ်ကိုစွန့်ခွာပြီး ရှောင်ကြရတာ များတယ်ဗျ။ တချို့ကျတော့ စစ်ဇုန်နဲ့ဝေးတဲ့ နေရာမျိုးမှာ တဲထိုးပြီး နေကြရတယ်ပေါ့နော်။ ခုလို အချိန်အခါမဟုတ် မိုးရွာတော့ အခက်အခဲတွေ အများထဲက ထပ်ဆင့်အခက်အခဲတွေ အများကြီး ထပ်ကြုံနေကြရတယ်။ အရင်လို အလှူရှင်တွေလည်း သူတို့အတွက် သိပ်မပံ့ပိုးကြတော့ဘူးလေ။ ခုရက်ပိုင်း အရမ်းဖျားနာနေတာ အတော်တွေ့ရတယ်။ သောက်သုံးရေကအစ အဆင်မပြေကြတော့ဘူး။ တော်တော်များများက အာဟာရ ချို့တဲ့လာကြတယ်လေ။ စစ်ရှောင်တော်တော်များများက အိုးအိမ်တွေစွန့်ခွာပြီး ရှောင်ကြရတော့ တချို့က ကိုယ့်အိမ်တွေအတွက် စိုးရိမ်ပူပန်နေကြပြီး ကျန်းမာရေး ထိခိုက်လာတာလည်း ရှိတယ်ဗျ။”
ဒါ့အပြင် မနေ့ကလည်း ဒီးမော့ဆိုနဲ့ ဖရူဆိုကြား ထူးလွှီးဘီလာကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နေအိမ် ၅ လုံးကို မီးရှို့သွားခဲ့ကြောင်းလည်း ပြောပါတယ်။
၂၀၂၁ ခု မေလကစပြီး ကရင်နီ(ကယား) ပြည်နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံ ကရင်နီ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး အဲဒီကတည်းကနေ ၂၀၂၂ ခု မတ်လ ၂၄ ရက်နေ့အထိ ကရင်နီပြည်နယ်တွင်း စစ်ရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် ၂ သိန်းနီးပါး ရှိနေပြီလို့ ကရင်နီ လူမှုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013