DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် တိုက်တွန်းခဲ့ဟု အာဆီယံကိုယ်စားလှယ် ပြော
DVB
·
March 23, 2022
မြန်မာစစ်တပ်ကို ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် တိုက်တွန်းခဲ့ဟု အာဆီယံကိုယ်စားလှယ် ပြော
Donate to DVB

မြန်မာစစ်တပ်ကို ထိုးစစ်တွေအတွင်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်းခဲ့ကြောင်းနဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေချိန်အတွင်း တွေ့ဆုံခွင့်မရှိဘူးလို့ စစ်အုပ်စုခေါင်းဆောင်က သူ့ကို ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရက်ခ်ဆိုခွန်က မတ် ၂၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။

သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကြိုးပမ်းခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအကျဉ်းသားတွေကို တွေ့ဖို့ တောင်းဆိုချက်ကိုလည်း အနာဂတ်မှာ စဉ်းစားပေးမယ်လို့ စစ်အုပ်စုအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်း အထူးကိုယ်စားလှယ်က ဆိုပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ စစ်အုပ်စုကို တရားဝင်ကြောင်း အသိအမှတ်ပြုတယ်လို့ ဝေဖန်သူတွေက ရှုမြင်ကြတာကိုလည်း နားလည်ကြောင်း ပရက်ခ်ဆိုခွန်က ပြောပါတယ်။

ဒါပေမဲ့ နှစ်ရက်ကြာ ခရီးစဉ်ဟာ အကျပ်အတည်းကို ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်အဖြစ် ရှုမြင်တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးက ရှုပ်ထွေးပြီး ဖြေရှင်းဖို့ အချိန်လိုကြောင်းနဲ့ အာဆီယံဥက္ကဋ္ဌတာဝန် တခုတည်းနဲ့ ဒါမှမဟုတ် လက်ရှိဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်းမှာ ဖြေရှင်းလို့မရကြောင်း ကမ္ဘောဒီးယားကို ပြန်လာချိန်မှာ ပရက်ခ်ဆိုခွန်က  သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီခရီးစဉ်မှာ မျှော်မှန်းချက်အဆင့် အမျိုးမျိုးကို သိရှိကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေး လိုလားသူတွေ၊ ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့ တွေ့ဆုံစေချင်တာကိုလည်း နားလည်သဘောပေါက်ကြောင်း သူက ပြောပါတယ်။

ဝေဖန်မှုတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို နားလည်ကြောင်းနဲ့ သူတို့က စစ်ကောင်စီဝင်တွေကို တရားဝင်မှု မပေးစေချင်ကြဘူးလို့ ဆိုပါတယ်။

မစ္စတာ ပရက်ခ်ဆိုခွန်ဟာ သူ့ရဲ့ခရီးစဉ်မှာ စစ်ဗိုလ်ချုပ်တွေကိုပဲ အဓိကထားပြီး တခြားသူတွေနဲ့ တွေ့ဆုံမှု အများစုကို ဖျက်သိမ်းခဲ့တာကြောင့် စစ်အာဏာရှင် အုပ်ချုပ်ရေးကို ဆန့်ကျင်ကြသူ အများစုကြီးကို စိတ်ပျက်စေခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ မနှစ်က သဘောတူညီထားတဲ့ အချက် ၅ ချက်မှာ တိုးတက်မှု မတွေ့မချင်း အာဆီယံက မြန်မာစစ်ဗိုလ်ချုပ်တွေကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး အရပ်သားတွေကို တမင်တကာ ပစ်မှတ်ထားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။ ဒီအပေါ်မှာ စစ်တပ်ဘက်ကတော့ ဘာမှတုံ့ပြန်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013