
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်းရှိ ဓာတ်တော်ချိုင့် ရေတံခွန်မှာ အမျိုးသမီးငယ်တယောက် ခြေချော်ပြုတ်ကျ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၉ ရက်၊ ညနေ ၃ နာရီကျော်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၇၊ အနီးစခန်းမှာရှိတဲ့ ဓာတ်တော်ချိုင့် ရေတံခွန်မှာ ရေလာကစားတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတယောက် ခြေချော်ပြုတ်ကျ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံတယောက်က “ကောင်မလေးက ရေတံခွန်ကိုလာတာလို့ သိရပါတယ်။ အောင်ပင်လယ်ဘက်ကလာပြီး ရေကစားတာလို့ သိရတယ်။ ခြေချော်ကျပြီး ရေနစ် သေဆုံးသွားတာ” လို့ ပြောပါတယ်။
မိန်းကလေးငယ် ခြေချော်ကျမှုကို မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တွေက ရှာဖွေခဲ့ပြီး ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီခန့်မှာ မိန်းကလေးရဲ့ ရုပ်အလောင်းကို ရှာဖွေဆယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။
ဆယ်ယူရရှိခဲ့တဲ့ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ သန္တိသုခ လူမှုကူညီရေးအသင်းတို့က ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီခွဲလောက်ကလည်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာ အနီးရှိ မန္တလေးတူးမြောင်းမကြီးအတွင်း အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။










