DVB Logo
Home
မြန်မာသတင်း
“ဒီပညာရေးက စကစရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ဝါဒဖြန့်ချိရေး ယန္တရားထက်မပိုဘူး” - ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခ
DVB
·
March 21, 2022
“ဒီပညာရေးက စကစရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ဝါဒဖြန့်ချိရေး ယန္တရားထက်မပိုဘူး” - ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခ
Donate to DVB

စစ်ကောင်စီရဲ့ ပညာရေးဌာနက မတ် ၃၁ ရက်နေ့ ကျင်းပမယ့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံး အခြေခံပညာကျောင်းတွေက ကျောင်းသားကျောင်းသူ ၂ သိန်းကျော်နဲ့ အလွတ် ၁ သိန်းကျော်ဝင်ရောက်ဖြေဆိုမှာဖြစ်ပြီး တနိုင်ငံလုံး ၃ သိန်းကျော် ကျော်ရှိတယ်လို့ မြန်မာနိုင်ငံစာ စစ်ဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့အရေအတွက်ဟာ ဆယ်သိန်းနီးပါးအထိရှိပြီး အာဏာသိမ်းပြီးတဲ့နောက် ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေရဲ့ ကျောင်းမတက်ဘဲ သပိတ်မှောက်ထားတာကြောင့် တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းတက်ရောက်တဲ့အရေအတွက် များစွာလျော့ကျခဲ့သလို ဖြေဆိုတဲ့အရေ အတွက်လည်း သိသိသာသာလျော့ကျသွားခဲ့ပါတယ်။

ပဲခူးတိုင်း၊ သက္ကလမြို့နယ် CDM ကျောင်းအုပ်တဦးက  “ကျနော် ပညာရေးသမားအနေနဲ့ ပြောရရင်တော့ အလုပ်ဖြစ်အောင် သက်သက်လုပ်တယ်လို့ပဲ ပြောရမှာပေါ့နော်။ တကယ်တမ်းဆိုရင်တော့ အားလုံးကို လွှမ်းခြုံနိုင်တဲ့ အခြေအနေမရှိဘဲနဲ့ ကျောင်းဖွင့်လိုက်တဲ့ သဘောဖြစ်သွားတာလေ။ စစ်ဘေးရှောင်တဲ့နေရာတွေက မတက်ရဘူးပေါ့ဗျာ။ နောက်တခါ ရောဂါတွေနဲ့လည်း မတက်ရတာတွေရှိတယ်။ နောက်တခါ ကျောင်းတွေက CDM လုပ်တဲ့ ဆရာ၊ ဆရာမတွေကြောင့် ဆရာ၊ ဆရာမတွေလည်း မလုံလောက်ဘူး။ မိဘတွေကလည်း တခါ နည်းနည်း စိတ်ဓာတ်တက်ကြွတဲ့သူတွေဆိုရင် သူတို့ သားသမီးတွေ မထားတော့ဘူး။ အဲတော့ ကျောင်းသားအင်အားက အရမ်းကို အရင်ကထက်စာရင် သုံးပုံတပုံလောက်ပဲ ရှိတော့တဲ့အခြေအနေပေါ့။ အဲတော့ အဲဒီအခြေအနေမှာ ၁၀ တန်းကို ဖွင့်တဲ့အတွက် ဒါက ဟန်ပြအနေနဲ့ ဖွင့်တယ်လို့ပဲ မြင်မိတာပေါ့” လို့ ပြောပါတယ်။

နောက်ဆုံးဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း တို့ကနေ ဝင်ရောက်ဖြေဆိုတဲ့ အရေအတွက်ဟာ ၁ သိန်း ၃  သောင်းကျော်စီရှိခဲ့ပြီး ဧရာဝတီတိုင်းက ၁ သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။

ဒီနှစ်မှာတော့ စစ်ကိုင်းတိုင်းက ၁၆၀၀၀ ကျော်၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးက ၃၇၀၀၀ ကျော်ရှိပြီး  ဧရာဝတီတိုင်း ဒေသကြီးက ၄၀၀၀၀ ကျော်သာဝင်ရောက်ဖြေဆိုမှာဖြစ်ပါတယ်။

အဲ့ဒီလို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့အရေအတွက်တွေ လျော့ကျသွားတာကြောင့် စစ်ကောင်စီဟာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူတွေအနေနဲ့ ဖြေဆိုမည့်ရက်မတိုင်ခင်အထိ ဖြေဆိုခွင့်တင်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားသလို ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်ဝင်ခွင့်တွေကို ပြီးခဲ့တဲ့နှစ်တွေနဲ့မတူဘဲ သုံးဘာသာရမှတ်ပေါင်းတွေ နဲ့ဝင်ခွင့်ပေးမယ်လို့ စွဲဆောင်နေရပါတယ်။

ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခတဦးကတော့ ဒီပညာရေးဟာ စစ်ကျွန်ပညာရေးဖြစ်တာကြောင့် အုပ်ချုပ်ရေးယန္တရားနဲ့ ဝါဒဖြန့်ချိရေး ယန္တရားထက်မပိုဘူးလို့ သုံးသပ်ပြောပါတယ်။

“လက်ရှိကာလမှာ စကစ က လုပ်တဲ့ ၁၀ တန်း စာမေးပွဲကိုရော၊ ပညာရေးကိုကော ကျနော်တို့အနေနဲ့ ဒီ CDM တွေရော၊ ကျောင်းသားတွေရော လုံးဝ စိတ်မဝင်စားတာ။ စိတ်မဝင်စားဘူးဆိုတဲ့အတွက် သူတို့နဲ့ ပတ်သက်လာရင် ရှင်းရှင်းပြောရရင်တော့ ချစ်ခြင်း၊ မုန်းခြင်းလည်း မရှိတော့ဘူး။ ဥ‌ပေက္ခာတရား ထားလိုက်တာပေါ့နော်။ ကိုယ်လုပ်ရမယ့်အလုပ်ကိုပဲ လုပ်နေတာပေါ့။ နောက်တခု ကျနော်မြင်တာတခုကလည်း ကျနော်တို့ ပြောထားတယ်မလား၊ စစ်ကျွန်ပညာရေးဆိုတဲ့ဟာကို အဲဒါကို ဇော်မင်းထွန်းကလည်း ပြောထားတယ်။ ဘာထူးလို့လဲ ဒီသင်ရိုးညွှန်းအတိုင်းပဲ သင်တာပဲ၊ ဒီဆရာတွေနဲ့သင်တာပဲ ဘာတွေများ ထူးခြားလို့လဲ၊ ဘာလို့ စစ်ကျွန်ပညာရေးလို့ ပြောရတာလည်းလို့ ပြောတယ်။ ဒါပေမဲ့ ဟိုတရက်က ကျနော် pre-test  ပုံစံမျိုး ကျနော် တွေ့လိုက်တယ်၊ အာလုံးမေးခွန်းရဲ့အနေအထား အသွားအလာအားလုံးက ပြန်ကြည့်လိုက်ရင် ဘာကိုပြနေလဲဆိုတော့ သူတို့ရဲ့ propaganda ကိုလုပ်တဲ့ပုံစံမျိုး၊ ဘာလိုလဲဆိုတော့ ဒီပိုင်းမှာ စစ်သားဖြစ်ဖို့အတွက် ဘယ်လိုရည်မှန်းချက်ထားပြီး ဘယ်လိုလုပ်မလဲဆိုတာ စာလေးရေးခိုင်းတယ်။ မြဝတီ တီဗွီကို ကြည့်တဲ့နေရာမှာ ရရှိတဲ့ အကျိုးကျေးဇူးတွေဆိုတာ ထုတ်လာတဲ့အတွက်ကြောင့် နည်းအားဖြင့် ပြောမယ်ဆိုရင် ပညာရေးကို အသုံးပြုပြီး သူတို့ရဲ့ ဝါဒဖြန့်မှုကို ကြိုးစားလာတယ်လေ။ ကြိုးစားလာတဲ့အတွက်ကြောင့်မို့လို့ ဒီပညာရေးက စကစရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ဝါဒဖြန့်ချိရေး ယန္တရားထက်မပိုဘူး” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် အခြေခံပညာကျောင်းတွေကို ပညာသင်နှစ်ပြည့်ဝစွာ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့သလို ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့်လည်း ကျောင်းတွေကို ပြန်လည်ပိတ်ထားခဲ့ရတာပါ။

ဒါ့အပြင် စစ်ပွဲများဖြစ်ပွားနေတဲ့ဒေသတွေမှာလည်း ကျောင်းသားကျောင်းသူတွေဟာ စစ်ဘေးရှောင်ဘဝတွေနဲ့ နေထိုင်ခဲ့ရတာကြောင့် ဒီနှစ်ပြုလုပ်တဲ့ စာမေးပွဲတွေနဲ့ ကျောင်းပညာရေးတွေက တနိုင်ငံလုံးလွှမ်းခြုံတဲ့ ပညာရေးမဖြစ်ဘူးလို့ CDM ဆရာတွေက ပြောဆိုထားပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှု အနည်းဆုံးဒေသကတော့ ကယားပြည်နယ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ရှစ်ထောင်ကျော်ဝင်ရောက်ဖြေဆိုခဲ့ပြီး အခုနှစ်မှာတော့ ၇၈၀ သာဝင်ရောက်ဖြေဆိုမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013