မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက်တွေ တိုးပွားလာနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းသေးခင်ရှိပြီးသား စစ်ဘေးရှောင် ၃၇၀,၀၀၀ အပါအဝင် အခုဆို အာဏာသိမ်းပြီးနောက်မှာ ဒုက္ခတွေကြုံနေရတဲ့ ပြည်တွင်းဒုက္ခသည် ၈၈၉,၉၀၀ ရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောပါတယ်။
ဒါပေမဲ့ အဲဒီလူတွေဆီ အကူအညီတွေရောက်ရှိနိုင်ဖို့ဟာ အကန့်အသတ်ရှိနေဆဲဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ စီစဉ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ တိုးမြှင့်ရေးကို နှောင့်နှေးစေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
တိုက်ပွဲတွေ၊ လမ်းပိတ်ဆို့မှုတွေနဲ့ စစ်တပ်စစ်ဆေးရေးဂိတ်တွေက လိုအပ်ချက်တွေ ရှိနေတဲ့ အရေးကြီးနေရာတွေဆီ သွားရောက်ခွင့်ကို ကန့်သတ်ထားတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ထောက်ပံ့မှုလိုအပ်ချက်ဟာ တုံ့ပြန်နိုင်စွမ်းကို ကျော်လွန်သွားနေပေမယ့်လည်း ကုလသမဂ္ဂနဲ့ သူ့မိတ်ဆွေတွေဟာ အစားအစာ၊ ရေ၊ အနွေးထည်၊ စောင်၊ ခြင်ထောင်အပြင် တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေနဲ့ ကိုဗစ် ကာကွယ်ရေးပစ္စည်းတွေကို ဆက်လက်ထောက်ပံ့ပေးနေကြောင်းလည်း ဆိုပါတယ်။
သူတို့ဟာ နိုင်ငံတဝန်း ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ လူမှုအသိုင်းအဝိုင်းတွေကို အကာအကွယ်ပေးရေး ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေတယ် လို့ ဆိုပါတယ်။
အရပ်သားပြည်သူတွေကို ကာကွယ်ဖို့နဲ့ လိုအပ်နေသူတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လက်လှမ်းမီ ရရှိနိုင်စေဖို့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို လေးစားလိုက်နာပေးဖို့ သက်ဆိုင်သူအားလုံးကိုလည်း ကုလသမဂ္ဂ တာဝန်ရှိသူက တိုက်တွန်းပြောပါတယ်။
ယခုရက်သတ္တပတ်ကာလအထိ UNHCRသည် ကယားပြည်နယ်ဒေသမှ နေရပ်စွန့်ခွာသူဦးရေ ၁၃,၀၀၀ ကျော်ထံ အကူအညီများပေးအပ်နိုင်ခဲ့ပါသည်။
Ref-ANI News