
အီရတ်နိုင်ငံအနောက်ပိုင်း အန်ဘာပြည်နယ်က ရှီးယိုက်ပြည်သူ့စစ်တပ်ဖွဲ့ (PMF) အခြေစိုက်စခန်း တခု လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပြီး PMF ရဲ့ အန်ဘာနယ်မြေ စစ်ဆင်ရေးတပ်မှူးအပါအဝင် တိုက်ခိုက်ရေးသမား အနည်းဆုံး ၁၀ ယောက်သေဆုံးပြီး တခြားအယောက် ၃၀ ဒဏ်ရာရ ခဲ့တယ်လို့ မတ် ၂၄ ရက် အစောပိုင်းမှာ လုံခြုံရေးနဲ့ ကျန်းမာရေးဆိုင်ရာ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။
PMF အဖွဲ့ကလည်း အန်ဘာနယ်မြေတပ်မှူး ဆာ့ဒ် အယ်လ်ဘိုင်ဂျီနဲ့ သူ့ရဲ့အဖွဲ့ဝင် တချို့ သေဆုံး သွားမှုကို ထုတ်ပြန်ချက်မှာ အတည်ပြုထားပါတယ်။
ဒီတိုက်ခိုက်မှုကို အမေရိကန်က လုပ်ဆောင်တာလို့ စွပ်စွဲထားပြီး ဝန်ထမ်းတွေ တာဝန် ထမ်းဆောင် နေတဲ့ ကွပ်ကဲမှုဌာနချုပ်ကို အမေရိကန်လေကြောင်းတိုက်ခိုက်မှုက ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။
သတင်းရင်းမြစ်တွေကတော့ ဒီတိုက်ခိုက်မှုတွေဟာ အကြီးတန်းတပ်မှူးတွေ တက်ရောက်နေတဲ့ လုံခြုံရေးအစည်းအဝေး တခု ကျင်းပနေချိန် PMF ဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောဆိုကြပြီး ပြည်သူ့စစ်တပ်ဖွဲ့ (PMF) က သားကောင်းတွေကို ပစ်မှတ်ထားတဲ့ ဒီလို အကြမ်းဖက် လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ပြောပါတယ်။
Source: Reuters











