စက်တင်ဘာ ၂၄ ရက်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကုလသမဂ္ဂအထွေထွေညီလာခံမှာ စကားပြောဖို့ စင်မြင့်ပေါ် တက်လာချိန်မှာ ကိုယ်စားလှယ်တွေက ခန်းမထဲကနေ ထွက်ခွာခဲ့ကြပါတယ်။
ကိုယ်စားလှယ်တွေ ခန်းမထဲက ထွက်ခဲ့တာနဲ့ပတ်သက်ပြီလည်း သူက “အမှန်တရားဘက်က မရပ်တည်ရဲသူ (သူရဲဘောကြောင်သူတွေ) ခန်းမထဲမှာရှိသေးရင် ကျေးဇူးပြုပြီး အခု ထွက်လို့ရပါတယ်” လို့လည်း တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
နေတန်ယာဟုက အီရန်၊ ဂါဇာနဲ့ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲဆင်နွှဲနေတာတွေနဲ့ ပတ်သက်လို့ ကာကွယ်ပြောဆိုခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
“ကျနော်တို့မှာ တခြားရွေးစရာမရှိတာကြောင့် ကျနော်တို့ အနိုင်ရရပါမယ်” လို့ စစ်ဆက်တိုက်မဲ့ အကြောင်း နေတန်ယာဟုက ကတိပြုထားပါတယ်။
ဒါ့အပြင် နေတန်ယာဟုက ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို အစ္စရေးက လုပ်ဆောင်နေတယ် ဆိုတာနဲ့ စွပ်စွဲချက်တွေကိုလည်း ပယ်ချခဲ့ပါသေးတယ်။
စစ်ရာဇဝတ်မှုတွေကြောင့် နေတန်ယာဟုဟာ နိုင်ငံတကာရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ပြီး သူ့ကို ဝေဖန်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်တွေကိုလည်း ပြန်လည် ဝေဖန်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
“သူတို့က သေးငယ်တဲ့ အစ္စရေးနိုင်ငံလေးကို ကိုလိုနီဝါဒလုပ်နေတယ်လို့ စွပ်စွဲကြပါတယ်။ ဘယ်သူတွေ စွပ်စွဲကြတာလဲလို့ မေးရင် အဲဒီစကားလုံးကို တီထွင်ခဲ့ကြတဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က လူတွေပါပဲ” လို့ နေတန်ယာဟုက ဝေဖန်ခဲ့တာပါ။
ကုလသမဂ္ဂမှာ နေတန်ယာဟု မိန့်ခွန်းပြောကြားချိန် အဆောက်အအုံ အပြင်မှာ သူ့ကို ဆန္ဒပြသူ ရာနဲ့ချီ ရှိတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
အစ္စရေးကို လက်နက်တွေမပေးဖို့ နယူးယောက်မြို့မှာ ဆန္ဒပြသူ ဒါဇင်နဲ့ချီ ဖမ်းဆီးခံရပြီး အဲဒီအထဲမှာ သရုပ်ဆောင် ဆူဆန်ဆာရန်ဒွန်လည်း ပါဝင်ပါတယ်။
ဆန္ဒပြသူတွေထဲမှာ ပါလက်စတိုင်းလိုလားသူတွေ ပါဝင်သလို အမေရိကန်မှာနေထိုင်တဲ့ ဂျူးလူမျိုးတွေလည်း နေတန်ယာဟုကို မထောက်ခံတဲ့အကြောင်း ဆန္ဒပြခဲ့ကြပါတယ်။










