DVB Logo
Home
မြန်မာသတင်း
လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့ဟု ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိ ပြော
DVB
·
March 18, 2022
လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့ဟု ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိ ပြော
Donate to DVB

အရပ်သား ၄ ယောက်နဲ့ တခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ယောက်ကို သတ်ခဲ့တာ မှန်ကန်ကြောင်း  ယင်းမာပင် PDF အဖွဲ့ခေါင်းဆောင်  ဗိုလ်သံမဏိက ဒီဗွီဘီကို  ပြောပါတယ်။

ဗိုလ်သံမဏိလို့ ခေါ်တဲ့ သပြေအေးဆရာတော် ဦးဆောင်တဲ့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ဒေသခံပြည်သူ ၂၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြည်ထောင်စုကာကွယ်ရေးနှင့် လွတ်မြောက်ရေး မဟာမိတ်တပ်ပေါင်းစု (UDLA) က မတ်လ ၁၄ ရက်နေ့မှာ စွပ်စွဲ သတင်းထုတ်ပြန်ခဲ့တာပါ။

ဗိုလ်သံမဏိအဖွဲ့အနေနဲ့ ယင်းမာပင်ခရိုင်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ လက်နက်အားကိုးပြီး ဒေသခံ ပြည်သူတွေကို ခြိမ်းခြောက်နှိပ်စက်တာတွေအပြင် ဖမ်းဆီးလုယက်မှုတွေကိုလည်း ကျူးလွန်နေတယ်လို့  UDLA ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ အချက်အလက်တွေဟာ အလုံးစုံ မှန်ကန်မှုမရှိဘဲ ထုတ်ပြန်ချက်ထုတ်တဲ့ အဖွဲ့အစည်း ၆၃ ဖွဲ့က ဘယ်အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတဲ့ တိကျတဲ့ အမည်တွေ မပါသလို ဒီထုတ်ပြန်ချက်ကို ဘယ်သူက တာဝန်ခံသလဲ ဆိုတာလည်း မပါလို့ ပစ်စာသဘောမျိုး ဖြစ်နေတယ်လို့ ဗိုလ်သံမဏိက ဒီဗွီဘီကို ပြောပါတယ်။

"ဒီသတ်ဖြတ်မှုတွေဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ တပ်ဖွဲ့ဝင်တွေအနေနဲ့ ဒလန်တွေကို မသတ်ရ၊ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို မသတ်ရဆိုတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ထုတ်ခဲ့ပြီး ကျူးလွန်ခဲ့မှုတွေအတွက် တရားဥပဒေရဲ့ ဆုံးဖြတ်ချက်အတိုင်း ခံယူမယ်။"

သတ်ဖြတ်ခံခဲ့ရတဲ့ သူတွေထဲမှာ ဒလန်ဆိုပြီး ဖမ်းဆီးထားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား ၁ ယောက်ကို ကယ်ထုတ်ဖို့သွားတဲ့ ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Hero Tiger တပ်ရင်းက တပ်ခွဲမှူး ကိုထိုက်မောင်လည်း ပါဝင်ပါတယ်။

ဗိုလ်သံမဏိအဖွဲ့ရဲ့ တပ်ရင်းမှူး စံလင်းကျော်ရဲ့ သဘောတူညီမှုနဲ့ ကိုထိုက်မောင်တို့အဖွဲ့က သွားရောက်တွေ့ဆုံချိန်မှာ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ UDLA အထွေထွေအတွင်းရေးမှူး ကိုသူရိန်က ပြောပါတယ်။

"ဒီအမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တာကြောင့် အသေးစိတ် ထုတ်ဖော်ပြောဆိုလို့ မရသေးဘူး။"

ကော်မရှင်အနေနဲ့ ဒီအမှုတခုတည်းတင် မဟုတ်ဘဲ မှုခင်းတိုင်းအတွက် စစ်ကောင်စီ အပါအဝင် အပြစ်မဲ့ပြည်သူတွေကို နစ်နာစေတဲ့ ဘယ်သူ့ကိုမဆို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူ ကိုထိုက်မောင်ရဲ့ အမျိုးသမီး မချောစုဌေးကလည်း ဒီအမှုအတွက် ကျူးလွန်သူတွေကို တရားမျှတမှုအတွက် အရေးယူ ဆောင်ရွက်ပေးစေလိုတယ်လို့ ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။

အာဏာဖီဆန်ရေး လှုပ်ရှားမှု ပြုလုပ်ထားတဲ့ ဗိုလ်ကြီးလင်းထက်အောင်က "လက်နက်ကိုင်ထားရင် လူတွေရဲ့စိတ်က ပြောင်းလဲတတ်တဲ့သဘော ရှိတာကြောင့် လက်နက်အားကိုးပြီး ပြည်သူကို အနိုင်ကျင့်နေတဲ့ အာဏာသိမ်းစစ်တပ်လို ပြုမူလုပ်ဆောင်မှုမျိုး မဖြစ်ဖို့အတွက် တော်လှန်ရေး အဖွဲ့အစည်းတွေဟာ အမိန့် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုတယ်။" လို့ ထောက်ပြပါတယ်။

ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အဖြစ် အဆိုပြု လျှောက်ထားမှု ရှိခဲ့ပေမယ့် တပ်ဖွဲ့ဝင်အားလုံးကို ကိုယ်ပိုင်နံပါတ် ထုတ်ပေးထားခြင်း မရှိသေးတာကြောင့် စစ်ခုံရုံးဖွဲ့ စစ်ဆေးလို့ မရတဲ့အတွက် အရပ်ဘက် တရားစီရင်ရေးနဲ့ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူး အောင်က ပြောပါတယ်။

UDLA ထုတ်ပြန်ချက်မှာတော့ ယင်းမာပင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဟာ မြေပြင်မှာ အကြမ်းဖက် စစ်ကောင်စီနဲ့ တိုက်ပွဲမဖော်ဆောင်ဘဲ ချေမှုန်းရေးလက်နက် ၂၀၀ ကျော် ရရှိထားပြီး အဲဒီလက်နက်တွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေ အနေနဲ့ နီးစပ်ရာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေဆီမှာ လက်နက်ချ အညံ့ခံပြီး မျှတတဲ့ တရားစီရင်မှု အကောင်အထည်ဖော်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ပေးပါလို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013