DVB Logo
Home
Lead Story
စစ်ဘီလူးတို့ နိဂုံး‌ခေတ်၌ ဖုန်းတောင်းယစကာ‌၊ ဝိသမလောဘသား သွေးစုပ်ပြိတ္တာတို့ တကျော့ပြန် ဖုတ်ဝင်လာခြင်း
DVB
·
March 18, 2022
စစ်ဘီလူးတို့ နိဂုံး‌ခေတ်၌ ဖုန်းတောင်းယစကာ‌၊ ဝိသမလောဘသား သွေးစုပ်ပြိတ္တာတို့ တကျော့ပြန် ဖုတ်ဝင်လာခြင်း
Donate to DVB

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး နိုင်ငံအချုပ်အခြာအာဏာကို အရိုင်းအစိုင်းသတ္တဝါတွေလို လက်နက်အားကိုးနဲ့ လုယူခဲ့ကြတဲ့ အကြမ်းဖက်စစ်ကောင်စီ ပြန်လည်ကြီးစိုးခွင့်ရတဲ့ခဏတာ စစ်ဘီလူးတို့ နိဂုံး‌ခေတ်မှာ မြန်မာနိုင်ငံရဲ့ ရုံးဌာန‌တွေ၊ လူထုဝန်ဆောင်မှုကဏ္ဍတွေနဲ့ ခေတ်ပျက်စီးပွား‌ရေးတလင်းမှာ ဖုန်းတောင်းယာစကာပြိတ္တာတို့ ပြန်လည်ဖုတ်ဝင်လာခဲ့ကြပြန်တာကို‌ တွေ့လာရပါတယ်။

အားလုံး သိကြတဲ့အတိုင်း ကိုယ်ကျင့်သီလ ယုတ်ညံ့တဲ့ စစ်ဗိုလ်ချုပ်တွေ မင်းမူစိုးမိုးပြီး တိုင်းပြည်ကို ဖျက်ဆီးခဲ့ကြတဲ့ နှစ် ၆၀ ကျော်ကာလတလျှောက်လုံး ခေါင်မလုံးတော့ ကြမ်းပြင်မှာ ရေစိုသလို အုပ်စိုးသူ အခွင့်ထူးခံ စစ်ဗိုလ်သူလူတန်းကစလို့ ဖောက်ပြန်ကိုယ်ကျိုးရှာပြီး တိုင်းပြည်ဘဏ္ဍာတွေကို ခိုးဆိုးလုယက်၊ တောင်းစားဓားပြတိုက် ချမ်းသာကြလေတော့ မိုးခါးရေ လိုက်သောက်ကြပြီး တတိုင်းတပြည်လုံးလည်း အဂတိ ၄ ပါးလိုက်စားကြပြီး စောရသူခိုး ဓားပြပြည်ကြီး ဖြစ်ခဲ့ရတာ မဟုတ်လား။

လူထုဝန်ဆောင်မှုပေးတဲ့ ဌာနဆိုင်ရာတိုင်းမှာ အဆင့်ဆင့် နိုင်ငံ့ဘဏ္ဍာ ပြည်သူပိုင်‌ဘတ်ဂျက်တွေကို အသေကောင်ပုပ်မှာ လောက်တွေ တဖွားဖွားကျပြီး စားသောက်ကြသလို တိုင်းပြည်ရဲ့ ထိပ်ဆုံးအာဏာပိုင်အဆင့်ကနေ၊ ညွှန်မှူးညွန်ချုပ်၊ ဌာနမှူး၊ အရာရှိအရာခံအင်ဂျင်နီယာ ရုံးပြာတာအဆင့်အထိ ကျက်သရေမဲ့စွာ ခိုးဝှက်ယူငင်ခဲ့ကြတာပါ။

တကယ်တမ်း ပေးစရာမလိုတဲ့ ဝန်ဆောင်မှုအတွက် အများပြည်သူရဲ့ ချွေးနှဲစာကို လိုင်စင်ရ ဓားပြတွေလို မသဒ္ဓါရေစာတောင်းယူတဲ့ စားပွဲအောက်ကပေးရတဲ့ ဆက်ကြေးကောက်တဲ့ ယဉ်ကျေးမှုဆိုးနဲ့ လက်ဖက်ရည်ဖိုးတောင်းတဲ့ ယဉ်ကျေးမှုဆိုးတွေ ယုတ်ညံ့စွာ ထွန်းကားလာခဲ့ပါတယ်။

လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ NLD ပြည်သူ့အစိုးရ အုပ်ချုပ်တဲ့နှစ်မတိုင်ခင်ကာလ စစ်အစိုးရအဆက်ဆက်နဲ့ စစ်ဘောင်းဘီချွတ် သိန်းစိန်အစိုးရ လက်ထက်မှာ အကျင့်ပျက် ခြစားမှုဆိုတာ နိစ္စဓူဝ သာမန်လုပ်ငန်းဆောင်တာပမာ တရားဝင်လိုင်စင်ရသလို အရှက်အကြောက် ဟိရီဩတ္တပ္ပကင်းမဲ့စွာ ဗြောင်လုပ်ဆောင်ခဲ့ကြတာပါ။ 

မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ‌လေဆိပ်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းတွေ၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်ဌာနဝန်ထမ်းတွေ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာန စတဲ့ ရုံးဌာနဝန်ထမ်းတွေ ဆိုတာ အမိန့်ရ သူတောင်စား ကုပ်သွေးစုပ်၊ ဖုတ်ပြိတ္တာတွေပမာ သရဲမရဲစီး တောင်းကြ၊ အနုကြမ်းစီးကြတာ လူတိုင်း သိပါတယ်။

အဲဒီလို အရှက်မရှိဘဲ အဂတိကို မြိန်ရေရှက်ရေ လိုက်စား သောင်းကျန်းခဲ့ကြသူတွေ၊ ဂိုဏ်သိက္ခာမဲ့ ကိုယ်ကျင့်သီလ ဆိုးယုတ်တဲ့သူတွေရဲ့ အထိပ်အခေါင် စစ်ဗိုလ်ချုပ်တွေက သူတို့ အာဏာလက်လွှတ်ရမှာ စိုးပြီး တရားမဲ့စွာ နိုင်ငံတော်အာဏာကို လုယူခဲ့တဲ့အခါမှာ၊ သူတို့ ဖျက်ဆီးခဲ့တဲ့ နိုင်ငံကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့၊ မှားယွင်းတဲ့ အုပ်ချုပ်ပုံစနစ်ကို ပြောင်းလဲလို့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ပစ်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် NLD ပြည်သူ့ပါတီ အကြီးအကဲတွေကို အဂတိလိုက်စားတယ်လို့ ငဖယ်က‌ပြောင်းပြန်ဆိုသလို မဟုတ်တမ်းတရား စွပ်စွဲပြီး ထောင်ချနေတာဟာ ယိုသူမရှက် မြင်သူရှက်ရလောက်အောင် ရုပ်ပျက်ဆင်းပျက်နိုင်လှတာမို့ အများပြည်သူတွေက သူခိုးက လူဟစ်နေတဲ့ အကြမ်းဖက်စစ်သူခိုး ဓားပြတပ်ကို လှောင်ပြောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

ဘုရားရှင် အဆုံးအမ တရားဓမ္မတွေကို မလိုက်နာဘဲ ကြီးမားတဲ့ မဟာအကုသိုလ်တွေ ကျူးလွန်နေကြသူ စစ်ဗိုလ်ချုပ်တွေကို အမျိုးဘာသာ သာသနာကို စောင့်ရှောက်မယ်ထင်ပြီး ထောက်ခံ ဝိုင်းရံကြတဲ့ သီတဂူ၊ ဆေကိန္ဒနဲ့ မဘသ ဆိုတဲ့ သင်္ကန်းဝတ်တွေရဲ့ ဝေဖန်ပိုင်းခြား ဆင်ခြင်ဉာဏ်ကင်းမဲ့ပြီး မိုက်မဲကြတာကို သိတတ်နားလည်ကြတဲ့ အများပြည်သူတွေက အထူးတုန်လှုပ် သံဝေဂရကြပါတယ်။

NLD ပြည်သူ့အစိုးရ ၂၀၁၆ ခုနှစ် အာဏာရလာပြီးတဲ့နောက် အကျင့်ပျက်ခြစားမှုတွေ၊ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ခဲ့ရာမှာ ညွှန်ကြားရေးမှူး စတဲ့ဝန်ထမ်းတွေသာမက NLD အစိုးရအတွင်းက တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အဆင့်ထိ အရေးယူခဲ့ရာမှာပါဝင်ခဲ့ပြီး အဂတိလိုက်စားမှု အတော်လျော့ပါးခဲ့ပါတယ်။

တိုင်းနိုင်ငံတခု စနစ်ကျစွာ တိုးတက်ချမ်းသာဖို့၊ တရားမျှတတဲ့ လူ့ဘောင်ကို တည်ဆောက်ချင်တယ် ဆိုရင် အဂတိလိုက်စားမှုကို ထိထိရောက်ရောက် မတိုက်ဖျက်ဘဲ မတည်ဆောက်နိုင်ပါဘူး။ ထိပ်ပိုင်းက အစိုးရအာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှု၊ ဥပဒေအထက်နေထိုင်မှု၊ ကျူးလွန်တဲ့ အပြစ်တွေအပေါ် တာဝန်မခံမှုတွေကို အရေးမယူဘဲနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်လို့ မရပါဘူး။

စစ်အခွင့်ထူးခံလူတန်းစားတွေနဲ့ စစ်အာဏာရှင်စနစ်ဟာ သူတို့ ကျုးလွန်တဲ့ရာဇဝတ်မှုတွေ၊ အဂတိလိုက်စားမှု၊ တိုင်းပြည်ဘဏ္ဍာ ခိုးဝှက်ချမ်းသာမှုတွေကို ထိမ်ချန်ဖုံးကွယ်ပြီး အောက်ခြေဝန်ထမ်းတချို့ရဲ့ အဂတိလိုက်စားမှုလေးတွေသာ အယောင်ပြ အရေးယူလေ့ရှိပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ခေတ်တိုင်းမှာ အကျင့်ပျက်ခြစားမှုဆိုတာ မွေးရာပါ ရောဂါဆိုးကြီးပမာ အမြဲတမ်းလှိုက်စားပြီး နိုင်ငံနဲ့ ပြည်သူလူထုကို ဒုက္ခပေးလေ့ရှိပါတယ်။

အခုလည်း သမ္မတရူး သူခိုး ဓားပြ လူသတ်ကောင် မင်းအောင်လှိုင်ရဲ့ အကြမ်းစစ်ကောင်စီရဲ့ခဏတာ စစ်ဘီလူးနိဂုံးခေတ်မှာ အကျင့်ပျက်ခြစားမှုတွေ၊ အဂတိလိုက်စားမှုတွေ တကျေ့ာပြန် ခေါင်းထောင်လာပြန်ပါပြီ။

ပြည်တွင်းမှာ အသက်နဲ့ ဘဝတွေ မလုံခြုံတာနဲ့ အလုပ်အကိုင်ရှားပါးတာမို့ ပြီးခဲ့တဲ့လထဲမှာ စင်ကာပူနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံက ထွက်လာတဲ့ ပြည်သူတဦးကို လေဆိပ်အဝင် စစ်ဆေးတဲ့သူ ဆိုသူတွေက မဆီမဆိုင် လက်ကိုင်ဖုန်းကို စစ်ဆေးပြီး NUG အမှတ်တံဆိပ်ပါတဲ့ ပုံတခုကို ဖျက်ခဲ့ရာမှာ အပြီးမဖျက်မိတာကို တမင်ရှာဖွေအကြောင်းပြပြီး ခြိမ်းခြောက် ငွေညှစ်ခဲ့တာမို့ မြန်မာငွေ ၈၀,၀၀၀ ပေးခဲ့ရကြောင်း ကြားသိခဲ့ရပါတယ်။

အင်တာနက်မရှိတာ၊ အွန်လိုင်းမှာ လေယာဉ်လက်မှတ် မဝယ်တတ်တဲ့၊ နားမလည်တဲ့ ဆင်းရဲသားပြည်သူတွေရဲ့‌ ချွေးနှဲစာတွေကို ယူရက်ကြပြီး အသွားလေယာဉ်တကြောင်းထဲကို မြန်မာငွေ ၅ သိန်းလောက်ထိ ယူပြီး မတန်တဆဈေးနဲ့ ရောင်းချနေကြတဲ့ ခရီးသွားလာရေး ဝန်ဆောင်တဲ့ အေးဂျင့်တွေ၊ ကုမ္ပဏီတွေဟာ ဝိသမလောဘသား စီးပွားရေးသမားတွေလည်း ပြန်လည်ထကြွသောင်းကျန်းပြီး ပြည်သူအပေါ် ကုပ်သွေးစုပ်နေကြပြန်ပါပြီေ

ဒါကြောင့် နိုင်ငံကို ဗိုလ်ကျစိုးမိုးပြီး အကျင့်ပျက် ခြစားတဲ့ စစ်မိစ္ဆာတွေ၊ နောက်လိုက်လက်ပါးစ ဖုန်းတောင်းယစကာ‌တွေ၊ ဒုဿီလ ဝိသမလောဘသား သွေးစုပ်ပြိတ္တာတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့နဲ့ တရားဥပဒေမစိုးမိုးမှု‌တွေ မြန်မာ့လူ့ဘောင်ကနေ အပြီးကွယ်ပျောက်သွားဖို့ ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကို ခြွင်းချက်မရှိ အမြစ်လှန်မျိုးသတ်လို့ ရှင်းလင်းကြဖို့ကလွဲလို့ အခြားမရှိပါကြောင်း ရေးသားသတိ‌ပေးလိုက်ရပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013