DVB Logo
Home
မြန်မာသတင်း
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြန်မာ့ ဂျီဒီပီတိုးတက်နှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်းရှိရန် စစ်ကောင်စီ ခန့်မှန်း
DVB
·
March 17, 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြန်မာ့ ဂျီဒီပီတိုးတက်နှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်းရှိရန် စစ်ကောင်စီ ခန့်မှန်း
Donate to DVB

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံရဲ့  ဂျီဒီပီတိုးတက်နှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်းရှိဖို့နဲ့ ၅ နှစ်အမျိုးသားစီမံကိန်းအတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ပျမ်းမျှ ၄ ဒသမ ၃ ရာခိုင်နှုန်း ရှိဖို့ ရည်မှန်းထားတယ်လို့  အာဏာသိမ်းစစ်ကောင်စီက  ပြောပါတယ်။

မတ်လ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ အာဏာသိမ်း ဒု စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးစိုးဝင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

အလားတူ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း  ယခုဘဏ္ဍာရေးနှစ်မှ စတင်ကာ ၅ နှစ်သက်တမ်းရှိတဲ့ အမျိုးသားစီမံကိန်းပါ ရည်မှန်းချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့  ဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီက ရည်မှန်းထားတဲ့ အမျိုးသားစီမံကိန်းပါ အချက်အလက်တွေအရ အောင်မြင်ဖို့က ဘက်ပေါင်းစုံ၏ အခြေအနေ အရပ်ရပ် အပေါ်မှာလည်း မူတည်လို့ စီးပွားရေးသုတေသီတွေက ထောက်ပြထားပါတယ်။

ပြည်ပရောက် စီးပွားရေးသုတေသီတဦးက “ကျနော်တွေ့တာတော့ သူတို့က ၅နှစ် စီမံကိန်းဆွဲထားတယ်ပေါ့နော်။ ဆွဲထားပြီးတော့ အခုနှစ်က ၅ နှစ် စီမံကိန်းရဲ့ ပထမဦးဆုံး အစနှစ်လို့ ပြောတယ်။ ဒီ ၅ နှစ် စီမံကိန်းမှာ ဂျီဒီပီ တိုးတက်မှုနှုန်းအနေနဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းတက်အောင် ကြိုးစားသွားမယ်လို့ ပြောထားတယ်နော်။ ဆိုတော့ အဲ့ဒါက ကျနော် မြင်တာကတော့ ရည်မှန်းချက်ပေါ့။ ဒီရည်မှန်းချက်အတိုင်း တကယ်ဖြစ်၊ မဖြစ် ဆိုတာကတော့ သူတို့ရဲ့ ကြိုးစားမှုလည်း မူတည်တယ်။ နောက်တချက်က ဘေးပတ်ဝန်းကျင် အခြေအနေအားလုံး အပေါ်မှာလည်း မူတည်တယ်ဗျ။ external factor ပေါ့နော်။ အထူးသဖြင့် အခုဆိုရင် လောင်စာဆီပေါ့ ၊ ရေနံစျေးတွေ တက်နေတာမျိုးတွေ ရှိတယ်နော်။ နောက်တခါ စျေးကွက်အရ ပြောရရင်လည်း စစ်ဖြစ်ပြီးတော့ မတည်ငြိမ်တဲ့ ကိစ္စတွေကလည်း ရှိတော့ ကိုယ်တယောက်တည်းက ဂျီဒီပီ တက်လာမယ်လို့ ဆုံးဖြတ်လို့ မရဘူးလေနော်။ ဒါက ဘက်ပေါင်းစုံ၊ အခြေအနေတွေ အပေါ်မှာ မူတည်တာပါ” လို့ ဒီဗွီဘီ ကိုပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့  တိုင်းပြည်မှာ မေခရိုစီးပွားရေးတည်ငြိမ်ရေး အရေးကြီးတဲ့အကြောင်း စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေအပါအဝင် ဈေးနှုန်း တည်ငြိမ်ရေးအတွက် ထိန်းကျောင်း ကြပ်မတ်ရမယ်လို့ ပြောပါတယ်။

နိုင်ငံခြားငွေလိုအပ်မှု လျှော့ချနိုင်ရေးအတွက် ကုန်သွယ်မှုမှာ စားကုန်၊ သောက်ကုန်နဲ့ သုံးကုန် တင်သွင်းမှုကို တတ်နိုင်သမျှ လျှော့ချဖို့နဲ့ နိုင်ငံခြားလိုငွေများ လျှော့ချနိုင်မယ်ဆိုပါက ကျပ်ငွေကြေးတန်ဖိုး မြင့်တက်လာမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်နိုင်ရန်ဖို့ ပြည်တွင်း ထုတ်လုပ်မှုလုပ်ငန်းတွေကို တွန်းအားပေးဖို့၊ ပြည်တွင်းထုတ်လုပ်မှု မလုံလောက်မှသာ ပြည်ပမှ တင်သွင်းဖို့ ၊ ရပ်ဆိုင်းထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို သတ်မှတ်အချိန်အတိုင်း လည်ပတ်နိုင်ရေး ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး မြန်မာ့စီးပွားရေးအား စောင့်ကြည့်လေ့လာသူတဦးကလည်း “လက်ရှိအခြေအနေနဲ့ပတ်သတ်ပြီး  အဓိကကတော့ဗျာ အခု ထိုးနှက်ချက်က လျှပ်စစ်မီးပြဿနာပေါ့။ လျှပ်စစ်မီးမရတဲ့အခါ လုပ်ငန်းငယ်တွေရော လုပ်ငန်းကြီးတွေရော အကုန်လုံး ရပ်ရတဲ့ အခြေအနေမျိုး ဖြစ်ရတာပေါ့နော်။ ဆိုတော့ ကိုယ့်ဘာသာ မီးစက် မောင်းပြီးတော့ လုပ်ငန်းစမယ်ဆိုရင်လည်း အမြတ်က မကျန်နိုင်ဘူးလေ။ ဒါက ပြဿနာ တခုပါ။ နောက်တခုက ငွေကြေးစျေးကွက် တည်ငြိမ်မှုပေါ့။ အထူးသဖြင့် လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် အကြွေးကို ဘယ်က ရမလဲပေါ့နော်။ ဒီပြဿနာ ရှိပါတယ်။ နောက်ဆုံးကတော့ မက်ခရို စီးပွားရေး တည်ငြိမ်မှုပေါ့။ အဲ့ဒါတွေကတော့ ကျနော် ထင်ပါတယ်။ စစ်ကောင်စီအတွက်က အဓိက စိန်ခေါ်မှု ပြဿနာတွေပါ” လို့ ဒီဗွီဘီ ကိုပြောပါတယ်။

လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကိုဗစ်-၁၉ ဆေးထုတ်လုပ်မှုကို ရေတို အစီအစဉ်အနေနဲ့ တရုတ်နိုင်ငံမှ  Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  Ready to fill bulk အနေနဲ့ ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်းထုတ်လုပ် နိုင်ရေး ဆောင်ရွက်သွားဖို့ ဒီလိုလုပ်ဆောင်ပါက လက်ရှိဝယ်ယူ အသုံးပြုနေရတဲ့ ဈေးနှုန်းထက် သက်သာပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျလာမယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာတော့ အခု၂၀၂၂ ဘဏ္ဍာရေးနှစ်၊ စက်တင်ဘာလအထိ တွက်ချက်မှုအရ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းက ၁ ရာခိုင်နှုန်းပဲရှိမယ် ခန့်မှန်းထားပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ရေရှည်မှာ သိသိသာသာဆုတ်ယုတ်လာနိုင်ကာ ပြည်သူအများစုအတွက်လည်း အင်မတန်စိုးရိမ်စရာ အခြေအနေပဲလို့ ကမ္ဘာ့ဘဏ်ရဲ့ ပညာရှင်တွေက ပြောပါတယ်။

မြန်မာ့စီးပွားရေးနဲ့ မြန်မာပြည်သူတို့ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ စစ်အာဏာသိမ်းမှုတို့ကြောင့် ပြင်းပြင်းထန်ထန်ထိခိုက် ခံစားနေဆဲဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အခြေအနေဟာ  လည်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်ကထက် နှစ်ဆပိုများလာတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013