DVB Logo
Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၁,၆၇၆ ဦး၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၂,၇၀၀ နီးပါး ရှိလာ
DVB
·
March 16, 2022
စစ်တပ်ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၁,၆၇၆ ဦး၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၂,၇၀၀ နီးပါး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၆၇၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၇၀၀ နီးပါးထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၁၅ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉,၆၅၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၄၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၃ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ချောင်းရိုးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်လာခဲ့ပြီး ဒေသခံရွာသား ဦးသန်းစစ်နဲ့ သားဖြစ်သူ ကိုကျော်မင်းခိုင်တို့ကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ ဦးသန်းစစ်နဲ့ ကိုကျော်မင်းခိုင်တို့ဟာ နေအိမ်တွေ မီးရှို့ခံရတာကြောင့် ထွက်ပြေးလာချိန်မှာ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ခေါင်းနဲ့ရင်ဘတ်ကို ကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချောင်းရိုးကျေးရွာမှာ ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ အသက် ၇၀ အရွယ် ဦးခင်မောင်သိန်းဟာလည်း သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့မှာ နေထိုင်တဲ့ အလွတ်တန်းသတင်းထောက်ဟောင်း ကိုအောင်ဝင်းဌေးဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်အာဏာသိမ်းမှုနဲ့ ဆက်နွှယ်တဲ့ စာသားတွေကို ရေးသားခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013