DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအေဂျင်စီများ ကျပ် ၃ သိန်းထက် ပိုမကောက်ရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
March 15, 2022
အလုပ်သမားအေဂျင်စီများ ကျပ် ၃ သိန်းထက် ပိုမကောက်ရန် စစ်ကောင်စီ ညွှန်ကြား
Donate to DVB

ထိုင်းနိုင်ငံကို MoU စနစ်နဲ့ သွားရောက်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အလုပ်သမားအေဂျင်စီတွေကို ကျပ် ၃ သိန်းထက် ပိုမိုကောက်ခံတာမပြုလုပ်ဖို့ စစ်ကောင်စီ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းကတည်းက အလုပ်သမားခေါ်ယူရေးဆိုင်ရာ MoU စာချွန်လွှာလက်မှတ်ရေးထိုးထားတာဖြစ်ပြီး မြန်မာနိုင်ငံက လုပ်သားအင်အား ၇၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး အဆိုပြုထားခဲ့တာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ်စခန်း ပိတ်လိုက်ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြားမှာ လက်ရှိအချိန်ထိ တရားဝင်အလုပ်သမားစေလွှတ်တာမျိုး မရှိနိုင်သေးပါဘူး။

လက်ရှိမှာတော့ ကိုဗစ်-၁၉ ကာလအတွင်း ထိုင်းနိုင်ငံကို MoU စနစ်နဲ့ အလုပ်သမားစေလွှတ်ဖို့ လုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားကာ ထိုင်းဘက်မှာ ကိုဗစ်-၁၉ ရောဂါ ၂ ကြိမ်စစ်ဆေးခ၊ ကာကွယ်ဆေး မထိုးရသေးသူတွေအတွက် ဆေးထိုးနှံခ၊ ကွာရန်တင်းကုန်ကျစရိတ်တွေကို အလုပ်ရှင်ဘက်ကနေ ကျခံရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ လူမှုဖူလုံရေးဉပဒေနဲ့ အကျုံးဝင်တဲ့ အလုပ်သမားတွေကတော့ ကျန်းမာရေးအာမခံ ၄ လစာအပါအဝင် ဘတ် ၅,၃၉၀ ကုန်ကျမှာဖြစ်ပြီး လူမှုဖူလုံရေးဉပဒေနဲ့ အကျုံးမဝင်တဲ့ အိမ်တွင်းအထောက်အကူပြုလုပ်ငန်း၊ ရာသီသီးနှံလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ ကုန်တင်ကုန်ချလုပ်ငန်း၊ ဆားချက်လုပ်ငန်းအလုပ်သမားတွေကတော့ ကျန်းမာရေးအာမခံ ၂ နှစ်စာအပါအဝင် ဘတ် ၇,၆၀၀ ကုန်ကျမှာပါ။

အလုပ်ရှင်ကုန်ကျမယ့် ကုန်ကျစရိတ်တွေကို အလုပ်သမားဆီကနေ ဖြတ်တောက်တာမျိုးမရှိစေဖို့ အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်မှာ နောက်ဆက်တွဲအနေနဲ့ ထည့်သွင်းချုပ်ဆိုဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မြန်မာအလုပ်သမားတွေကို ဘယ်နေ့ဘယ်ရက်ကစတင်ပြီးတော့ MoU စနစ်နဲ့ သွားရောက်လုပ်ကိုင်နိုင်မယ်ဆိုတာကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

ထိုင်းနိုင်ငံမှာတော့ အရေးပေါ် ရွှေ့ပြောင်းအလုပ်သမား ၈ သိန်းလိုအပ်ချက်ရှိနေပြီး လုပ်သားအင်အားရှားပါးမှုကြောင့် ရုန်းကန်နေကြရတဲ့ စက်မှုလက်မှုနဲ့ ထုတ်လုပ်ရေးလုပ်ငန်းခွင် အပါအဝင် ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လိုအပ်နေတာဖြစ်ပြီး ကုမ္ပဏီ အများစုကတော့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားလုပ်သားတွေကို ခေါ်ယူနိုင်ဖို့ အစိုးရဆီမှာ မှတ်ပုံတင်ထားကြတယ်လို့ ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ်(အက်ဖ်တီအိုင်) က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းတုန်းကတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် လုပ်ငန်းတွေ အတော်များများ ရပ်ဆိုင်းခဲ့ရသလို ရွှေ့ပြောင်းလုပ်သားအများစုဟာလည်း အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်နိုင်ငံတွေဆီ ပြန်ကုန်ကြတဲ့အတွက် လက်ရှိမှာ နိုင်ငံတွင်း လုပ်သားအင်အားပြတ်လပ်မှုတွေ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ အာဏာသိမ်းမှုနဲ့အတူ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် MoU စနစ်နဲ့ မသွားရောက်နိုင်သလို နေ့စဉ်လိုလို တရားမဝင်လမ်းကြောင်းတွေကတဆင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်နေကြပြီး ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013