DVB Logo
Home
Lead Story
စစ်ဘီလူးအစွယ်များ တစ်ချောင်းပြီး နောက်တစ်ချောင်း ရိုက်ချိုးလာခဲ့တဲ့ အာဂပြည်သူတွေ
DVB
·
March 13, 2022
စစ်ဘီလူးအစွယ်များ တစ်ချောင်းပြီး နောက်တစ်ချောင်း ရိုက်ချိုးလာခဲ့တဲ့ အာဂပြည်သူတွေ
Donate to DVB

ဝေသာလီပြည်ကို ဘီလူးတွေ ဝင်စီးသလို နိုင်ငံရဲ့အချုပ်အခြာအာဏာ ၃ ရပ်ကို လက်နက်အားကိုး အစွယ်အားကိုးနဲ့ လုယူခဲ့ကြတဲ့ စစ်ဘီလူးတွေဟာ သူတို့ကို မဆန့်ကျင်ရဲ‌အောင် လက်သည်း အားကိုး၊ အစွယ်အားကိုးနဲ့ သရဲမရဲစီးပြီး သတ်ဖြတ်ဖမ်းဆီး ညှဉ်းပန်းခြောက်လှန့်ခဲ့တာ တနှစ်ကျော်သွားပေမဲ့ မြန်မာပြည်သူလူထုဟာ အကြောက်အလှန့် လုံးဝမရှိတော့တဲ့အပြင် စစ်ဘီလူးတွေရဲ့ အစွယ်သွားတွေကို တစ်ချောင်းပြီး နောက်တချောင်း ညီညွတ်ရဲရင့်စွာ ရိုက်ချိုးလာခဲ့ကြပါတယ်။

၁။ စစ်ဘီလူး အုပ်ချုပ်‌ရေးအာဏာအစွယ် ရိုက်ချိုးခြင်း

သတ္တိရှိရာမှာ ကမ္ဘာကပါ အလေးထား စံတင်လာရတဲ့ သိတတ်နားလည်ရဲရင့်ကြတဲ့ မြန်မာပြည်သူတွေဟာ စစ်ဘီလူးတွေရဲ့ အာဏာအစွယ်ကို ဇွဲနပဲကြီးစွာ အနာခံပြီး ပထမဆုံး ရိုက်ချိုးခဲ့ပါတယ်။ ဘယ်တော့မှ အုပ်ချုပ်လို့ မရစေရ၊ ဒါ ငါတို့မြို့ ငါတို့ ဆူချင်ဆူမယ်၊ ငြိမ်ချင်ငြိမ်မယ် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အာဏာလုစစ်ဘီလူးတွေရဲ့ အုပ်ချုပ်ရေးအာဏာ အစွယ်ကို ရိုက်ချိုးခဲ့တာကြောင့် အခုထက်ထိ စစ်အာဏာမတည်နိုင်၊ မသက်ရောက်နိုင်သေးပါဘူး။

ဘဝတွေအသက်တွေ ပုံအောရင်နှီး‌ပြီး တရားမဝင် စစ်အကြမ်းဖက်ကောင်စီ လက်အောက် အမှုမထမ်းဖို့ ဆိုတဲ့ အညတြအာဇာနည် ပြည်သူ့ဝန်ထမ်းတွေရဲ့ Civil Disobedience Movement (CDM) လှုပ်ရှားမှုတွေ၊ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဆိုတဲ့ အဖိနှိပ်ခံ အများပြည်သူတွေရဲ့ လမ်းမ‌တွေထက်က အထွေထွေသပိတ်ဆန္ဒပြပွဲတွေ (General Strike) ဟာ ဖက်ဆစ်စစ်တပ်ရဲ့ အုပ်ချုပ်‌ရေးအာဏာအစွယ်ကို သွင်သွင်ကျိုးစေခဲ့ပါတယ်။ 

၂။ စစ်ဘီလူး စီးပွားရေးအစွယ် ရိုက်ချိုးခြင်း

မြန်မာပြည်သူလူထုက ညီညွတ်စွာ ဝိုင်းဝန်းရိုက်ချိုးကြတဲ့ နောက်ထပ်အစွယ်တချောင်းကတော့ လူမဆန်စွာ ရက်စက်ဖိနှိပ်အုပ်ချုပ်တဲ့ စစ်အခွင့်ထူးခံစနစ်ကို အထောက်အကူပြုနေတဲ့ စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဝင်‌ငွေရစေမယ့် ရပေါက်ရလမ်းတွေက‌နေ လက်နက်ခဲယမ်းမီးကျောက်တွေ ဖြစ်လာတဲ့ စစ်ဘီလူးအစွယ်ပဲ ဖြစ်ပါတယ်။ 

စစ်တပ်ဦးပိုင်ကုမ္ပဏီရဲ့လုပ်ငန်းမျိုးစုံက ထုတ်ကုန်တွေကို မသုံးစွဲဘဲ သပိတ်မှောက်တာကစလို့၊ MOGE ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ရလာမယ့် ဝင်ငွေစီးဝင်မလာအောင် တိုတယ်၊ ချက်‌ဗရွန် စတဲ့ ကမ္ဘာကျော်ရေနံကုမ္ပဏီကြီးတွေ ပိတ်သိမ်း နောက်ဆုတ်သွားအောင် ဝိုင်းဝန်းတွန်း ဖိအားပေး လက်မှတ်ထိုးကြတာကြောင့် စစ်ဘီလူး စီးပွားရေးအစွယ်ဟာ အခုဆို ငုတ်တိုသာ ကျန်ခဲ့ပြီး သွင်သွင်ကျိုးသွားခဲ့ပါပြီ။

၃။ စစ်ဘီလူးတို့ရဲ့ စစ်ရေးအစွယ်ကို ရိုက်ချိုးခြင်း

အညတြအာဇာနည် ပြည်သူလူထုကနေ နောက်ထပ်ချိုးခဲ့တဲ့အစွယ်ကတော့ အရိုင်းအစိုင်း ဥပ‌ဒေသနဲ့ ကြီးနိုင်ငယ်ညှဉ်းလုပ်တတ်တဲ့ စစ်မိစ္ဆာတွေ အားအကိုးဆုံး စစ်ရေးဘီလူးအစွယ်ပဲ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရ ဦးဆောင်စုစည်းမှုနဲ့ မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်မှာ ပေါ်ထွန်းလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defense Forces) PDF တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အင်အားစု (EAOs) တွေကို စုစည်းပြီး ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ဖိနှိပ်လာတဲ့ ဖက်ဆစ်စစ်တပ်အပေါ် တန်ပြန်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ NUG ရဲ့ ယာယီသမ္မတ ဦးဒူဝါလရှီးလမှ စစ်အာဏာလု အစိုးရကို ဝိုင်းဝန်းတွန်းလှန် တိုက်ခိုက်ဖို့ ပြည်သူ့ခုခံတော်လှန်စစ်ကို စတင်ကြေညာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်လက်အရ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ဆဋ္ဌမ ၁ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တတိယလ တစ်လတာ နိုဝင်ဘာ ၇ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် သေဆုံးပြီး ​၆၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဒီတော့ တစ်လမှာ ပျမ်းမျှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်‌ သေဆုံးနေတာမို့ ပြည်သူ့ခုခံတော်လှန်စစ် ၆ လကျော် ၇ လတွင်း ကာလမှာ ခန့်မှန်းခြေ အနည်းဆုံးစစ်သား ၁၂,၀၀၀ ကျော် ကျဆုံးပြီးပြီမို့ အခုလက်ရှိ စစ်တပ် တပ်ရင်းတရင်းရဲ့ စစ်ထွက်အင်အား ၂၅၀ နဲ့ပဲ တွက်ကြည့်ရင်ကို တပ်မ ၅ တပ်မ နီးပါး ပြုတ်သွားပြီလို့ အကြမ်းဖျင်း ပြောနိုင်ပါလိမ့်မယ်။

ဒါကြောင့် သက်တမ်းကုန်ပြီး ကွယ်ပျောက်ချုပ်ငြိမ်းရတော့မယ့် စစ်ဘီလူးနာရဲ့ စစ်ရေးအစွယ်ဟာလည်း အမြစ်က ကျွတ်ထွက်လုနီးနေပါပြီ။ လားရားဆိုးယုတ်မယ့် ဘီလူးဟာ များများစားစား မကျန်‌‌တော့တဲ့ သူ့ရဲ့နောက်ဆုံးအချိန်မှာ ရှိတဲ့ လက်သည်းကျိုး၊ စွယ်ကျိုးနဲ့ ရမ်းကားရုန်းကန် မိုက်ရိုင်းနေတာ ဖြစ်ပါတယ်။

၄။ စစ်ဘီလူးတို့ရဲ့‌ဒေါက်တိုင်အစွယ်ကို ရိုက်ချိုးခြင်း

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်မရွှံ့ အာဏာပါးကွက်သားတွေ၊ ‌ထွေအုပ်တွေ၊ စစ်တပ် သတင်းပေး ဒလန် ပျူစောထီး၊ စစ်ရာဇဝတ်ကောင်ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ ကြံ့ဖွတ်တွေ၊ လက်နက်ကိုင် အစွန်းရောက် မဘသတွေဆိုတာ စစ်ဘီလူးတို့ရဲ့‌ ဒေါက်တိုင်အစွယ်တွေပဲ ဖြစ်ပါတယ်။

အဲဒီ ဒေါက်တိုင်အစွယ်ကိုလည်း ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အဖြစ် အနာဂတ်မှာ ပြောင်းလဲလာမဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စနစ်တကျ သွေးအေးအေးနဲ့ ရိုက်ချိုးလာခဲ့ကြပါတယ်။ ပထမ ဒလန်သတင်းပေး ဟုတ် မဟုတ်၊ ပြည်သူကို အန္တရာယ်ပြုနေသူ ဟုတ် မဟုတ် စုံစမ်းတယ်၊ သေချာရင် မလုပ်ဖို့ သတိပေး စာပို့မယ်။ အဲဒါကိုမှ သဘောမပေါက်ဘဲ ဆက်မိုက်နေရင် နှုတ်ခမ်းနီတောင့် လက်ဆောင်ပေး ဆုံးမလိုက်ကြတာကို အားလုံး သိပြီးသား ဖြစ်ပါတယ်။

ဆိုလိုချင်တာကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အခွင့်ထူးခံ ဘီလူးသဘက်တွေ ဆက်လက် ရှင်သန်ဖို့ ရေခံမြေခံ အခြေအနေအားလုံး ဘာမှမကျန်တော့ပါဘူး။ စစ်ဘီလူးတွေရဲ့ တချိန်က သားကောင်နဲ့တူတဲ့ ပြည်သူလူထုဟာလည်း အခုဆို ဘီလူးလိုက်မုဆိုးတွေ ဖြစ်သွားကြပါပြီ။

ဘီလူးတွေ ကြီးစိုးနိုင်မယ့် ပြည်သူလူထုကြားမှာ အကြောက်တရားဝန်းကျင် ဆိုတဲ့ ရာသီဥတု အခြေအနေကလည်း ပျောက်ကွယ်ဆိတ်သုဉ်းသွားခဲ့ပါပြီ၊ စစ်ဘီလူးတွေ အာဟာရခွန်အား ဖြစ်စေမယ့် ဘဏ္ဍာငွေကြေး၊ လက်နက် ရိက္ခာ ဆေးဝါး ခွန်အား၊ အစွယ်၊ ထောက်ခံမှုတွေ တစတစ ယုတ်လျော့ ခန်းခြောက်လာနေတာ ထင်ရှားသထက် ထင်ရှားလာပါပြီ။

တကယ်တော့ အရိပ် ၃ သုံး နားမလည်တဲ့ သမ္မတရူး မအလနဲ့ သူတို့ အလှည့်ရောက်လာလိမ့်ဦးမယ် ထင်ခဲ့တဲ့ စစ်ဘီလူးတသိုက်ဟာ သူတို့ရဲ့အချိန်ဟာ စေ့နေပြီ၊ နောက်ဆုံးအချိန်ရောက်နေပြီဆိုတာ မသိကြတာလား၊ သူတို့ကိုယ်သူတို့ လက်သည်းတွေ ကျွတ်ကျ၊ အစွယ်တွေ ကျိုးကုန်တာကို သတိမမူတာသော်၎င်း၊ သိပါလျက်နဲ့ ဆင်ခြင်တုံတရားမဲ့စွာ အဝီစိထိ ဆက်မိုက်ကြမယ့် အန္ဓဗာလ အမိုက်ထိပ်ခေါင် စစ်ပြိတ္တာဘီလူးတွေပဲလား ဆိုတာကို သူတို့သာလျင် သိနိုင်ပါလိမ့်မယ်။ 

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013