DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းပေါင်းစုံ အခက်ကြုံ
DVB
·
March 11, 2022
လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် စီးပွားရေးလုပ်ငန်းပေါင်းစုံ အခက်ကြုံ
Donate to DVB

လျှပ်စစ်မီးပြတ်တာကြောင့်  ရန်ကုန်မြို့က အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ စက်ရုံ၊ အလုပ်ရုံတွေ အပါအဝင် စီးပွားရေး လုပ်ငန်းပေါင်းစုံ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

မတ်လဆန်းကစပြီး ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပုံမှန်မလာတော့ဘဲ ဖြတ်တောက်ခံနေရတာဖြစ်လို့ လျှပ်စစ်မီးကို အသုံးပြုပြီး လည်ပတ်နေရတဲ့ လုပ်ငန်းပေါင်းစုံ ရိုက်ခတ်မှု ကြီးမားခဲ့ပြီး ကုန်ထုတ်စရိတ်ပိုများလာတယ်လို့ ရန်ကုန်မြို့က လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

အသေးစားလုပ်ငန်းတွေကတော့ လျှပ်စစ်မီးပြတ်တာ၊ အင်တာနက်နဲ့ ဓာတ်ဆီဈေး တက်တာတွေကို မထိန်းနိုင်ရင် ရေရှည်မှာ လုပ်ငန်းလည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ကုန်ထုတ်စရိတ်နဲ့ သယ်ယူပို့ဆောင်စရိတ်ကြီးတာတွေက ကုန်ဈေးနှုန်းကို အဆမတန် ထိုးတက်စေမှာဖြစ်ပြီး အခြေခံပြည်သူတွေဟာ ဒီပြဿနာကို အဓိက ရင်ဆိုင်ရတာဖြစ်ပါတယ်။

လျှပ်စစ်မီးနေရာမှာ အသုံးပြုတဲ့ မီးစက်တွေအတွက် စက်သုံးဆီဈေးတွေကလည်း အဆမတန် တက်နေတဲ့အတွက် ဒီအတိုင်းဆက်သွားရင် ရန်ကုန်မြို့က စီးပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းသွားနိုင်ခြေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

မြောက်ဥက္ကလာမှာ နေထိုင်သူတဦးက "ဒီထက် ထပ်ပျက်မယ်ဆိုရင် အခြေခံပြည်သူတွေဘဝ ထပ်ဆိုးဖို့ပဲ ရှိတယ်။ အခုတောင် မီးပြတ်ရင် ရေပါမရနဲ့ အတော်ဒုက္ခရောက်နေကြတာ။ မီးမရှိရင် မီးသွေးနဲ့ချက်၊ ဖယောင်းတိုင်ထွန်း ဖြေရှင်းလို့ရသေးတယ်။ ရေတင်လို့မရဘူး။ တချို့ကလေးတွေ အွန်လိုင်းက စာသင်နေချိန်မှာ မီးပြတ်တော့ လိုင်းသုံးမရဘူး။ နောက်ဆက်တွဲပြဿနာတွေ အများကြီး" လို့ ပြောပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီက မတ်လ ၁၂ ရက်နေ့ကစပြီး ၂၈ ရက်နေ့အထိ အလှည့်ကျစနစ်နဲ့ မီးဖြတ်မယ် တချို့နေရာတွေမှာ ၂၄ နာရီ မီးပြတ်မယ်လို့  ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

လျှပ်စစ်မီးလာမှရမယ့် အင်တာနက်ဝိုင်ဖိုင်တွေကိုလည်း အလုပ်ချိန်မှာ အသုံးမပြုနိုင်တဲ့အတွက် အွန်လိုင်းနဲ့လုပ်ရတဲ့ လုပ်ငန်းတွေ စီးဆင်းမှုတွေ ပြတ်တောက်လုနီးပါး ဖြစ်နေပါတယ်။

ကိုဗစ်-၁၉ ကာလ ဖြစ်တာကြောင့် တချို့ကုမ္ပဏီဝန်ထမ်းတွေဟာ Work From Home အလုပ်လုပ်နေရတာ ဖြစ်တဲ့အတွက် မီးပြတ်တာ၊ အင်တာနက်လိုင်း မရတာတွေကြောင့် အိမ်ကနေ အလုပ်လုပ်ဖို့ ခက်ခဲနေပါတယ်။

ကုမ္ပဏီဝန်ထမ်းတဦးက “ညီမတို့ WFH အိမ်က အလုပ်လုပ်ရတယ်။ မီးပျက်တော့ Wifi သုံးမရဘူး။ အလုပ်တွေ အချိန်မီ မပြီးတော့ဘူး” လို့ မီးပြတ်အတွက် ကြုံရတဲ့ အခက်အခဲကို ပြောပါတယ်။

ကုန်ကျစရိတ်တွေ ပိုများလာသလို အွန်လိုင်းကနေ စာသင်တဲ့ ကလေးတွေရဲ့ ပညာရေးအတွက်ပါ ကြီးကြီးမားမား ထိခိုက်မှုတွေ ရှိနေတယ်လို့  ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ လက်ရှိအချိန်ဟာ ၁၀ တန်းစာမေးပွဲ ဖြေဆိုချိန်နီးလာနေပြီဖြစ်တဲ့ မီးမလာတဲ့အတွက် ကျောင်းသူကျောင်းသားတွေလည်း  ကျောင်းစာတွေဖတ်ရှုဖို့ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ 

အွန်လိုင်းစားသောက်ကုန် ဝန်ဆောင်မှုပေးသူတဦးကတော့ စစ်ကောင်စီပြောနေတဲ့ မီးဖြတ်ရတဲ့ အကြောင်းပြချက်တွေက ယုံကြည်စရာမရှိဘူးလို့ ပြောပါတယ်။

“အခုတောင် မီးပြတ်လို့ ထိခိုက်ဆုံးရှုံးမှု များနေတာ။ ထပ်ပျက်မယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး။ သူတို့ပြောတဲ့ မီးဖြတ်ရတဲ့ အကြောင်းပြချက်တွေကလည်း ယုံကြည်လောက်စရာ မရှိဘူး။ ပြည်သူ့အစိုးရဆိုရင် အဲဒီလောက် အခြေအနေ ဖြစ်မှာမဟုတ်ဘူး။"

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဝန်ထမ်းတွေက CDM ဝင်တာ၊ ပြည်သူတွေက သပိတ်မှောက်တာတွေကြောင့် စစ်ကောင်စီဟာ အစိုးရလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို မထိန်းသိမ်းနိုင်ဘဲ ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတာပါ။

ကာလကြာလာချိန်မှာ စစ်ကောင်စီဟာ ဝင်ငွေမရှိတော့တဲ့အတွက် နိုင်ငံရဲ့ အခြေခံလိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တော့ဘဲ ရပ်ဆိုင်းကုန်တာ ဖြစ်ပါတယ်။ 

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာကလည်း နိုင်ငံခြားဝင်ငွေရလမ်းကို ပြတ်တောက်စေခဲ့တဲ့အတွက် နိုင်ငံခြားဝင်ငွေရနိုင်မယ့် နည်းလမ်းတွေကို စစ်ကောင်စီက ခက်ခက်ခဲခဲ ရှာဖွေနေရပါတယ်။ 

စီးပွားရေး ပညာရှင်တွေကတော့ စစ်ကောင်စီဟာ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ရင် စီးပွားရေးပြဿနာကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013