DVB Logo
Home
မြန်မာသတင်း
တယ်လီနော-မြန်မာ ကုမ္ပဏီအကြီးအကဲအချို့ မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရ
DVB
·
March 9, 2022
တယ်လီနော-မြန်မာ ကုမ္ပဏီအကြီးအကဲအချို့ မြန်မာနိုင်ငံမှ ထွက်ခွာခွင့်မရ
Donate to DVB

အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာရှိတဲ့ နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော-မြန်မာရဲ့ အကြီးအကဲတချို့ကို နိုင်ငံတွင်းကနေ ထွက်ခွာခွင့် မပြုတော့ကြောင်း နော်ဝေသတင်းတွေမှာ ဖော်ပြပါတယ်။
နော်ဝေနိုင်ငံသားတဦး အပါအဝင် ပြည်ပကနေ လာရောက်လုပ်ကိုင်ကြတဲ့ တယ်လီနောရဲ့ အမှုဆောင်အရာရှိတွေကို မြန်မာနိုင်ငံတွင်းမှ ထွက်ခွာခွင့် မပြုထားပါဘူး။
တယ်လီနောရဲ့ အမှုဆောင်အရာရှိချုပ် Sigve Brekke က “ကုမ္ပဏီခေါင်းဆောင်တွေက နိုင်ငံခြားကို ခရီးသွားဖို့ ခွင့်ပြုချက် မရတော့ဘူးလို့ အာဏာပိုင်တွေဆီကနေ ရှင်းရှင်းလင်းလင်း မက်ဆေ့ချ်ရထားပါတယ်" လို့ Dagens Næringsliv (DN) သတင်းစာကို ပြောကြားခဲ့ပါတယ်။
ဝန်ထမ်းတွေရဲ့ ဘေးကင်းရေးကို တောင်းဆိုထားပြီး ဒါကို အလွန် အလေးအနက် ထားကြောင်းလည်း ပြောပါတယ်။
နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနကိုလည်း အမှုဆောင်အရာရှိတွေရဲ့ အခက်အခဲကို အသိပေးထားကြောင်း ဆိုပါတယ်။
“နော်ဝေနိုင်ငံသားတဦး မြန်မာနိုင်ငံမှ ထွက်ခွာခွင့် ငြင်းပယ်ခံရကြောင်း ကျွန်ုပ်တို့ သိရှိပါကြောင်း ဝန်ကြီးဌာန အရာရှိတဦးက DN ကို ပြောကြားပြီး သူ့ကို ရန်ကုန်မြို့ရှိ နော်ဝေသံရုံးနဲ့ အော်စလိုရှိ ဝန်ကြီးဌာနတို့မှ အကူအညီတွေ ပေးအပ်ထားကြောင်း” ထပ်လောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ထူးထူးခြားခြား ဖြစ်နေပြီး စစ်တပ်က အာဏာသိမ်းထားပြီး နောက်ပိုင်း တိုင်းပြည်က ပြည်တွင်းစစ်နဲ့ ဆင်တူတဲ့ ပဋိပက္ခတွေ ကြုံနေတယ်လို့ တယ်လီနောရဲ့ လတ်တလော သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားရေးဆက်ဆံရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့ကြောင်း DN သတင်းစာက ဖော်ပြပါတယ်။
လက်ဘနွန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group နဲ့ စစ်တပ်နဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ မြန်မာကုမ္ပဏီတခုဆီ တယ်လီနောရှယ်ယာတွေ ရောင်းချဖို့ တရားဝင်ခွင့်ပြုချက် မရရှိသေးပါဘူး။
မြန်မာသုံးစွဲသူ ၁၈ သန်းရှိတဲ့ တယ်လီနောဟာ ရောင်းချမှုမပြီးခင်မှာ အန္တရာယ်ကြုံရနိုင်တဲ့ ဒေတာတွေကို ဖျက်ပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမဲ့ အချက်အလက်သိမ်းဆည်းဖို့ လိုအပ်တဲ့ ဥပဒေတွေကို ချိုးဖောက်တဲ့အတွက် စစ်အာဏာပိုင်တွေက တရားစွဲတာ ခံရနိုင်ပြီး တယ်လီနော မြန်မာဝန်ထမ်းတွေအတွက် အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေတာပါ။
နိုင်ငံတကာဥပဒေနဲ့ စည်းမျဉ်းတွေကို လေးစားမှုမရှိဘဲ စစ်တပ်က သူတို့နည်းလမ်းတွေနဲ့ လုပ်နေတာကို မြင်တွေ့နေရတယ်လို့ Brekke က DN ကို ပြောပါတယ်။
ကြားညပ်နေတဲ့ အခြေအနေထဲ ကြုံနေရတဲ့ တယ်လီနောဟာ မြန်မာနိုင်ငံမှ ထွက်ခွာဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ကြီးကြီးမားမား ခံခဲ့ရပေမယ့် Brekke ကလည်း ကုမ္ပဏီမှာ ရွေးချယ်စရာမရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
တယ်လီနောအတွက် နိုင်ငံကနေ ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတဲ့ အနေအထားမှာ အလုံခြုံဆုံးနည်းလမ်းကတော့ လုပ်ငန်းတွေကို ရောင်းချခြင်းပါပဲလို့ တယ်လီနောအာရှရဲ့ အကြီးအကဲ Jørgen Arentz Tostrup က ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက ကြောက်စရာကောင်းပြီး ကျနော်တို့ အများကြီး စိုးရိမ်နေရပါတယ်” လို့ နော်ဝေရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး တာဝန်ခံ ဝန်ကြီးသစ် Jan Christian Vestre က ပြီးခဲ့တဲ့သီတင်းပတ်က လွှတ်တော်မှာ မေးခွန်းများ ဖြေကြားရာမှာ ပြောကြားပါတယ်။
ဒေသခံတွေအတွက် ကြောက်စရာကောင်းပေမဲ့ တယ်လီနောအတွက်လည်း ကံမကောင်းစွာနဲ့ပဲ ဖြေရှင်းနည်းတွေ မရှိကြောင်း၊ ပြင်းထန်တဲ့ အကျိုးဆက်တွေရှိတဲ့ တခြား ရွေးချယ်စရာတွေ ပါရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013