DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒုက္ခသည်များအတွက် လုံခြုံရေးနှင့် လူသားချင်းစာနာမှု အကူအညီလိုအပ်နေ
DVB
·
March 9, 2022
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒုက္ခသည်များအတွက် လုံခြုံရေးနှင့် လူသားချင်းစာနာမှု အကူအညီလိုအပ်နေ
Donate to DVB

ရှမ်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး လုံခြုံရေးနဲ့ လူသားချင်းစာနာမှု အခြေအနေမှာ မတည်မငြိမ် ဖြစ်နေတယ်လို့ UNHCR က ကြေညာပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်၊ ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်‌စောက်၊  လဲချား၊ လွိုင်လင်နဲ့ မောက်မယ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ 

အကျိုးဆက်ကတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ၂,၁၂၆ ဦးဟာ မြို့နယ် ၇ ခုမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဖေဖော်ဝါရီလထဲမှာပဲ မြို့နယ် ၆ ခုက တိုက်ပွဲရှောင်ထွက်ပြေးလာကြတဲ့ ၂,၄၇၄ ဦးဟာ ရှမ်းပြည်နယ်အတွင်းက မူလနေထိုင်ရာနေရာ ပြန်လာနိုင်ခဲ့ကြပါတယ်။

တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေကြောင့် လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေအတွက် ပဋိပက္ခဖြစ်ပွားရာနေရာတွေကို သွားရောက်ခွင့်ဟာ ခက်ခဲနေပေမဲ့ ဒေသခံအကူအညီပေးရေး ဆောင်ရွက်သူတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကာ အရေးပေါ် အကူအညီ အစီအစဉ်နဲ့ အကာအကွယ်ပေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆက်လက်ပေးနေကြပါတယ်။ 

ဒေသခံပရဟိတလူငယ်တွေဟာ ပြည်တွင်းပြည်ပစေတနာရှင်တွေဆီကနေ အလှူငွေကောက်ခံပြီး ကျောက်မဲ၊ သီပေါ၊ တောင်ကြီး၊ မိုင်းကိုင်၊ ပင်လုံ၊ လဲချား၊ ဆီဆိုင်၊ ပင်လောင်း၊ အင်းလေး စတဲ့ဒေသတွေရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်နဲ့မိုးကာတွေ၊ အဝတ်အထည်တွေ ဝယ်ခြမ်း ထုတ်ပိုးပြီး ပို့ဆောင်ပေးနေတာလို့ ရှမ်းပြည်နယ်က စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ရှမ်းလူငယ်အဖွဲ့မှ စိုင်းလွိုင်ခမ်းပန်က လက်ရှိ မြေပြင်အခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီကို ပြောပါတယ်။ 

“စစ်ဘေးရှောင်တွေကအများကြီးပဲ။ လွန်ခဲတဲ့ ၂ လကျော်က စပြောရမယ်ဆိုရင် ကယားပြည်နယ်ဘက်က တိုက်ပွဲကြောင့် စစ်ရှောင်လာတာ ၃ သောင်းကျော်ရှိတယ်။ တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ရပ်စောက်၊ ညောင်ရွှေ၊ အင်းလေး၊ တီကျစ်၊ ပင်လောင်း၊ လွိုင်လင်၊ မောက်မယ်ထိ ရှောင်တာလည်းရှိတယ်။ အခုတော့ တဝက်ကျော်ပြန်သွားပြီ၊ ၁၀၀၀၀ ကျော်ကျန်သေးတယ်။ နောက်ပြီး လောလောဆယ် ရှမ်းတောင် မိုးဗြဲနဲ့ ဖယ်ခုံဘက်မှာ စစ်ဘေးရှောင် ၅၀၀၀ ကျော် ရှိတယ်။ အဲဒီဘက်မှာ တိုက်ပွဲလည်းဖြစ်နေတော့ ကူညီရတာအခက်အခဲရှိတယ်၊ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမှာ စစ်ဘေးရှောင် ၇၀၀ ကျော်ကျန်သေးတယ် အိမ်မပြန်နိုင်သေးတာ။  ကျောက်မဲကနေ တောင်ကြီးထိ အဆင့်ဆင့် စစ်ရှောင်လာရတာက ၅၀၀ ကျော်၊ ရပ်စောက် ကျောက်ဂူအုပ်စုထဲမှာ အရင်လက ထောင်နဲ့ချီထွက်ပြေးရတယ်။ သူတို့က ခုတော့ ပြန်ကုန်ပါပြီ။ နောက် လွိုင်လင်ခရိုင် မိုင်းကိုင်၊ ပင်လုံ၊ လဲချား အဲဒီဘက်ကတော့ ပြေးလိုက်ပြန်လိုက်ပဲ။ ကျေးသီးဘက်က တိုက်ပွဲကြောင့် လဲချားမှာ ရွာသစ်လာတည်တာတော့ ၃၀၀ ကျော်ရှိတယ်။ ခြုံပြီးပြောရရင်တော့ ဒီ ၂ လအတွင်း ရှမ်းပြည်မှာ စစ်ဘေးရှောင် ၃ သောင်းကျော်ရှိပါတယ်၊ လက်ရှိ ၁ သောင်းကျော် ၂ သောင်းနီးပါး ကျန်ရှိနေပါတယ်ခင်ဗျ။”

ကူညီထောက်ပံ့ရေးအခြေအနေဟာလည်း မြန်မာပြည်မှာ စီးပွားရေးပိုမိုကျပ်တည်းလာလို့ အလှူရှင်တွေ နည်းပါးလာကြောင်း၊ Save the children၊ ICRC စတဲ့ နိုင်ငံတကာအဖွဲ့က လာလှူတာရှိပေမဲ့  အရေးပေါ်စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေတာလို့  ဆိုပါတယ်။ 

ရှမ်းပြည်နယ်ထဲကတိုက်ပွဲတွေ အချို့နေရာမှာ ငြိမ်သွားပေမယ့် မြေမြှုပ်မိုင်းတွေ ကျန်နေဆဲဖြစ်ပြီး ဒီ ၂၀၂၂ နှစ်ထဲမှာ မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၇ ဦး အသက်ဆုံး ရှုံးခဲ့ရသလို ၁၀ ကျော် ဒဏ်ရာရခဲ့ကြတယ်လို့  ရှမ်းလူငယ်အဖွဲ့က ပြောပါတယ်။ 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဖေဖော်ဝါရီ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ မြို့နယ် ၁၁ ခုက လူဦးရေ ၅၆,၄၀၀ ဟာ ၂၀၂၁ ခုနှစ်အစပိုင်းကတည်းက နေရပ်စွန့်ခွာထွက်ပြေးလာကြပြီး အဲဒီထဲက အယောက် ၁၄,၃၂၀ ဟာ မြို့နယ် ၁၁ ခုက ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၈၇၃,၀၀၀ ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး အဆိုပါလူဦးရေထဲက ၅၀၂,၆၀၀ ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးလာကြရသူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013