DVB Logo
Home
Lead Story
ဘုန်းကြီးနဲ့ သေနတ်ဆိုရင်တော့ အဝီစိကပ်ပြီပေါ့
DVB
·
March 9, 2022
ဘုန်းကြီးနဲ့ သေနတ်ဆိုရင်တော့ အဝီစိကပ်ပြီပေါ့
Donate to DVB

တိုင်းပြည်ကို ဖျက်ဆီးခဲ့ကြတဲ့ စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် နိုင်ငံရေးမှာ ဘာသာရေးကို ရော‌ထွေးအသုံးချလေ့ရှိပါတယ်။ ဒါပေမဲ့ အခုတခါ သူတို့ရဲ့ နောက်ဆုံး ရှင်သန်ရေးအတွက် ဘာသာရေးကို အသုံးချလာပုံကတော့ အတော်လေး ရုပ်ပျက်ဆင်းပျက် အကျည်းတန်လှပါတယ်။

ဒီကနေ့ အကြမ်းဖက် လူသတ်စစ်အာဏာရှင်တွေမတိုင်ခင်အထိ သမိုင်းအဆက်ဆက်မှာ အဖိနှိပ်ခံ ပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ်‌အပေါ် ဆန့်ကျင်အုံကြွမှုတွေ အရှိန်ရလာတိုင်း လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ ဖွပြီး ဘာသာရေးအဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်းတွေ ဖန်တီးပြီး အာရုံလွှဲတာလောက်သာ ဘာသာရေးကို အသုံးချခဲ့ရာက အခုတ‌စ်ခေါက် နွေဦးတော်လှန်ရေး ပြည်သူ့အရေးတော်ပုံကြီးမှာ ဘာသာရေးကို အဓိကရုဏ်း ဖန်တီးပြီး အာရုံလွှဲရုံနဲ့ မလုံလောက်တော့တာ စစ်အာဏာရှင်တွေ သိနေခဲ့ကြပါတယ်။ သူတို့ရဲ့ စစ်အခွင့်ထူးခံ အာဏာရှင်စနစ်ရဲ့ နောက်ဆုံးထွက်သွက်မှာ ဘာသာရေးကို စစ်ရေး၊ လက်နက်ကိုင် အကြမ်းဖက် မင်းမူရေးအထိ မိုက်လုံးကြီးစွာ လုပ်ဆောင်လာကြပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ DVB သတင်းထဲမှာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရတနာကံမြင့်ထယ်ကျောင်းတိုက်က စက်သေနတ် အတို/အရှည်တွေ လွယ်ထားကာ သင်္ကန်းနဲ့ လက်နက်ကိုင်ထားတဲ့ ဦးဝီရသူ၊ ဦးဝါသဝ၊ ဦးပဏ္ဍိတ စတဲ့ အမျိုးသားရေးအစွန်းရောက် မဘသ ဘုန်းကြီးတွေဟာ ဖေဖော်ဝါရီ ၂၇ ရက်‌နေ့တုန်းက ကျွန်းလည်၊ ကဘဲ၊ မူးကျင်းနဲ့ ဘေရင်း‌ကျေးရွာတွေမှာ ဒေသခံပြည်သူတွေကို PDF ဖြိုခွဲတိုက်ခိုက်ရေးနဲ့ ပြည်သူ့စစ်ဖွဲ့စည်း‌ရေး တရားတွေ ပြည်သူတွေကို ဟောပြောစည်းရုံးနေခဲ့တယ်လို့ ဒေသခံတွေက ပြော‌တဲ့သတင်းကို ဖတ်ရှုခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရဖို့ ခက်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကျေးရွာတွေမှာ အမျိုးသားရေးအစွန်းရောက် သင်္ကန်းဝတ်တွေကို ဝင်ရောက်စေပြီး ပြည်သူ့စစ်အဖွဲ့တွေကို ဖွဲ့လို့ လူထုကြား သွေးကွဲအောင် ဘာသာရေးကို အသုံးချနေကြတာ ဖြစ်ပါတယ်။ 

အခုဆိုရင် ပြည်သူ့စစ်အမည်ခံထားတဲ့ အဖွဲ့ ၇၇ ဖွဲ့နဲ့ လက်နက်ပေါင်း ၂၀၈၀ တပ်ဆင်ပြီး ဖြစ်တယ်လို့ စစ်‌ကောင်စီက ထုတ်ပြန်ထားတယ်လို့လည်း DVB မှာ ဖော်ပြရေးသားထားတာ ဖတ်လိုက်ရပါတယ်။

ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ရှေးဘုရားတွေအနက်က ဝိပဿီ၊ သိခီ၊ ဝေဿဘူ မြတ်စွာဘုရားတို့လက်ထက်မှာ သာသနာကို ရှည်ကြာစွာ မတည်တံ့‌စေတဲ့ အကြောင်းအရင်းခံတွေနဲ့ ပတ်သက်လို့ ရှင်သာရိပုတ္တရာမထေရ်မြတ်ကို အောက်ပါအတိုင်း ဟောကြားခဲ့ပါတယ်။

“ဝိပဿီမြတ်စွာဘုရားသည် လည်းကောင်း၊ သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူ မြတ်စွာဘုရားသည်လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြမစိုက်ကြကုန်။ ထိုမြတ်စွာဘုရားတို့၏ သုတ်၊ ဂေယျ၊ ဗျာကရုဏ်း၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်ဇာတ်၊ အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူခဲ့ချေ၊ ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌ လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌ လည်းကောင်း အထူးထူးသော အမည်အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သားတပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စေကုန်၏။

သာရိပုတ္တရာ… ချည်မျှင်ဖြင့်မသီကုံးဘဲ ပျဉ်ပြားပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် မသီကုံးခြင်းကြောင့်လေသည် ဖရိုဖရဲ ကြဲဖြန့် တိုက်ခတ် မှုတ်လွှင့် ဖျက်ဆီးသကဲ့သို့ ဤဥပမာ အတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌ လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ် ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာသာလျှင် ကွယ်ပျောက်စေကုန်၏။”

တကယ်တော့ ဗုဒ္ဓသာသနာထွန်းကားအရှည်တည့်တံ့ဖို့ဆိုတာ မြတ်စွာဘုရားရှင်တို့ ဟောကြားပြသခဲ့တဲ့တရားဓမ္မအနှစ်သာရတွေ၊ တားမြစ်ပညတ်‌တော်မူရစ်ခဲ့တဲ့သိက္ခာပုဒ်‌တွေနဲ့ ပြသခဲ့တဲ့ (အာဏာ)ပါတိမောက်ကို နောက်ပါတပည့်သံဃာ‌တော်တွေ၊ သက်ဝင်ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင် ဒါယကာ ဒါယိကာမတွေက နှလုံးသားနဲ့ ယုံကြည်လက်ခံရုံသာမက လက်တွေ့ ကျင့်ကြံကြခြင်းနဲ့သာ အရှည်တည်တံ့နိုင်ပါတယ်။

ဒီကနေ့ အကြမ်းဖက်စစ်အာဏာလုကောင်စီလက်ထက်မှာ မြတ်စွာဘုရားရှင်တို့ ဟောကြား ပြသခဲ့တဲ့ တရားဓမ္မအနှစ်သာရတွေ၊ တားမြစ်ပညတ်‌တော်မူရစ်ခဲ့တဲ့ သိက္ခာပုဒ်‌တွေနဲ့ ပြသခဲ့တဲ့ (အာဏာ)ပါတိမောက်တွေကို မလိုက်နာ၊ မကျင့်ကြံဘဲ ဆန့်ကျင်ဘက် အဓမ္မဝါဒ လူသတ် သာသနာပြုရင် ငရဲမကျဘူးဆိုတဲ့ အယူလွဲနဲ့ သာသနာကို လက်နက်ကိုင် အကြမ်းဖက် ကာကွယ်မယ်ဆိုတဲ့ မဘသ အမည်ခံ သင်္ကန်းဝတ်တွေ၊ ဘာသာရေးအစွန်းရောက်၊ အမျိုးသားရေးအစွန်းရောက်တွေ လူမြင်ကွင်းမှာ အတင့်ရဲစွာ သေနတ်လက်နက် ကိုင်စွဲလာတာဟာ နိုင်ငံနဲ့ ဗုဒ္ဓဘာသာအတွက် အထူးရင်လေးဖွယ်ရာ ဖြစ်ပါတယ်။

ရဟန်းတွေ သေနတ်ကိုင်လို့ ရသလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့  “သဗ္ဗံ အာဝုဓဘဏ္ဍံ အနာမာသံ (လက်နက်မှန်သမျှ မကိုင်ရ) လို့ ပါရာဇိကဏ်အဋ္ဌကထာမှာ ဆိုထားပါတယ်။ ဒါ့ကြောင့် ရဟန်းနဲ့ သေနတ် မအပ်စပ်ပါဘူး၊ ဒုက္ကဋ်အာပတ်သင့်ပါတယ်။

သုတ္တန်ထဲမှာလည်း ရဟန်းဆိုတာ “နိက္ခိတ္တသတ္ထော” (လက်နက်မှန်သမျှ ချထားသူ) လို့ ဟောတော်မူပါတယ်။ ဒါ့ကြောင့်လည်း စာပေထဲမှာ “တုတ်ဓားမပါ တရားသဖြင့် ဆုံးမရာ သာသနာ" လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် သူတစ်ပါးကို ပစ်ခတ်သည်ဖြစ်စေ၊ မပစ်ခတ်သည်ဖြစ်စေ လက်နက်မှန်သမျှ လုံးဝ လုံးဝ မကိုင်ကောင်းဘူးလို့ မှတ်သားရပါမယ်လို့ မဟာဝိဟာရ(လှည်းကူး) တင်ထားတဲ့ ပို့စ်ကိုလည်း ဖတ်ရပါတယ်။

ဝိနည်းပိဋက ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်ထဲက ပဌမပညတ်သိက္ခာပုဒ်ထဲမှာ မြတ်စွာဘုရားဟာ ရဟန်းတို့ လိုက်နာဖို့ အောက်ပါသိက္ခာပုဒ်တို့ကို ပညတ်တော်မူခဲ့ပါတယ်။ 

“အကြင်ရဟန်းသည် (သတ်လိုသော စိတ်စေတနာဖြင့်) စေ့ဆော်၍ လူဇာတ်ဖြစ်သော သူ၏ ကိုယ်ကို အသက်'ဇီဝိတိန္ဒြေ'မှ ချငြားအံ့၊ ထိုသူ၏ အသက်'ဇီဝိတိန္ဒြေ' ကို ဆောင်တတ်သော ဓားလက်နက်ကိုမူလည်း ရှာ၍ (အနီး၌) ထားငြားအံ့၊ ဤရဟန်းသည်လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ'” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ဤမည်သောသူကို သတ်လော့”ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် ထိုသူဟု ထင်မှတ်၍ ထိုသူကိုပင် သတ်အံ့၊ နှစ်ဦးလုံး ပါရာဇိက အာပတ်သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ဤမည်သောသူကို သတ်လော့''ဟုစေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် ထိုသူဟု ထင်မှတ်၍ အခြားသူကို သတ်အံ့၊ မူလစေခိုင်းရင်း ရဟန်းအား အာပတ် မသင့်၊ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ဤမည်သောသူကို သတ်လော့”ဟု စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ထိုရဟန်းသည် အခြားသူထင်မှတ်၍ ထိုသူကို သတ်အံ့၊ နှစ်ဦးလုံး ပါရာဇိက အာပတ်သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ဤမည်သောသူကို သတ်လော့''ဟုစေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် အခြားသူ ထင်မှတ်၍ အခြားသူကိုပင် သတ်အံ့၊ မူလစေခိုင်းရင်းရဟန်းအား အာပတ်မသင့်၊ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ဤမည်သော ရဟန်းအား ပြောပါလေ၊ ဤမည်သော ရဟန်းကလည်း ဤမည်သော ရဟန်းအား၊ ဤမည်သော ရဟန်းသည်၊ ဤမည်သောသူကို သတ်ပါစေ” ဟု ပြောပါစေ-ဤသို့စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် တစ်ပါးသော ရဟန်းအား ပြောအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ သတ်သူ ရဟန်းသည် ဝန်ခံအံ့၊ မူလစေခိုင်းရင်း ရဟန်းအား ထုလ္လစ္စဉ်းအာပတ်သင့်၏၊ ထိုရဟန်းသည် ထိုသူကို သတ်အံ့၊ အားလုံး 'လေးဦးလုံး' ပါရာဇိကအာပတ်သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ဤမည်သောရဟန်းအား ပြောပါလေ၊ ဤမည်သော ရဟန်းကလည်း ဤမည်သောရဟန်းအား ဤမည်သော ရဟန်းသည် ဤမည်သောသူကို သတ်ပါစေ''ဟု ပြောပါစေ-ဤသို့စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် အခြား 'တဆင့်ခိုင်းအပ်သော ရဟန်းမှတစ်ပါး' ရဟန်းကို (တိုက်ရိုက်)စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ သတ်သော ရဟန်းသည် ဝန်ခံအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် ထိုသူကို သတ်အံ့၊ မူလစေခိုင်းရင်း ရဟန်းအားအာပတ် မသင့်၊ (တိုက်ရိုက်)စေခိုင်းသော ရဟန်းအားလည်းကောင်း၊ သတ်သောရဟန်းအားလည်းကောင်း ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ဤမည်သောသူကို သတ်လော့”ဟုစေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် သွားပြီးမှ “ငါသည် ထိုသူကို မသတ်နိုင်”ဟု တစ်ဖန် ပြန်လာ၏၊ ထိုရဟန်းသည် “သတ်နိုင်သောအခါ သတ်လော့”ဟု တစ်ဖန် ထပ်၍စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် ထိုသူကို သတ်အံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို “ဤမည်သော သူကို သတ်လော့”ဟု စေခိုင်းအံ့၊ ဒုက္ကဋ် အာပတ့်သင့်၏၊ ထိုရဟန်းသည် စေခိုင်းပြီးမှ နှလုံးမသာ 'စိတ်မကောင်း’သော်လည်း “မသတ်နှင့်တော့” ဟု မပြောကြားမိ၊ ထိုရဟန်းသည် ထိုသူကို သတ်အံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို ''ဤမည်သော သူကို သတ်လော့''ဟုစေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် စေခိုင်းပြီးမှ နှလုံးမသာ 'စိတ်မကောင်း' သဖြင့် ''မသတ်နှင့်တော့''ဟုပြော၏၊ ထိုရဟန်းသည် ''သင်သည် ငါ့ကိုစေခိုင်းအပ်ပြီး ဖြစ်သည်''ဟု ဆို၍ ထိုသူကို သတ်အံ့၊ မူလစေခိုင်းရင်း ရဟန်းအား အာပတ် မသင့်၊ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို ''ဤမည်သော သူကို သတ်လော့''ဟုစေခိုင်းအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ ထိုရဟန်းသည် စေခိုင်းပြီးမှ နှလုံးမသာ 'စိတ်မကောင်း'သဖြင့် ''မသတ်နှင့်တော့''ဟု ပြော၏၊ ထိုရဟန်းသည် ''ကောင်းပါပြီ''ဟု ရှောင်ကြဉ်အံ့၊ နှစ်ဦးလုံး အာပတ် မသင့်။

ဆိတ်ကွယ်ရာ မဟုတ်သည်ကို ဆိတ်ကွယ်ရာဟု ထင်မှတ်၍ “ဤမည်သောသူကို သတ်ရမူ ကောင်းပေလိမ့်မည်”ဟု ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဆိတ်ကွယ်ရာကို ဆိတ်ကွယ်ရာ မဟုတ်ဟု ထင်မှတ်၍ “ဤမည်သောသူကို သတ်ရမူ ကောင်းပေလိမ့်မည်”ဟု ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဆိတ်ကွယ်ရာ မဟုတ်သည်ကို ဆိတ်ကွယ်ရာ မဟုတ်ဟု ထင်မှတ်၍ “ဤမည်သောသူကို သတ်ရမူကောင်းပေလိမ့်မည်”ဟု ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဆိတ်ကွယ်ရာကို ဆိတ်ကွယ်ရာဟု ထင်မှတ်၍ ဤမည်သောသူကို သတ်ရမူ ကောင်းပေလိမ့်မည်''ဟုပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဘာသာရေးကို ခုတုံးလုပ် အသုံးချလာတဲ့ စစ်မိစ္ဆာ ဗိုလ်ယုတ်တသိုက်နဲ့အတူ အဓမ္မဘက်က ရပ်တည်ပြီး ပြည်သူပြည်သားတွေကို သတ်ဖြတ်ကြဖို့ သင်္ကန်းဝတ်ပြီး သေနတ်လက်နက်၊ တုတ်၊ ဓားတွေ ကိုင်ဆောင်လို့ အကြမ်းဖက် သာသနာပြုနေကြသူတွေဟာ မြတ်စွာဘုရားရှင် သားတော် မဟုတ်၊ ဘုရားအနွယ်တော် မဟုတ်တော့ပါဘူး၊ 'သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ရမဲ့အပြင် ဘုန်းကြီးနဲ့ ဘီး‌တောင် မအပ်စပ်သလို ဘုန်းကြီးနဲ့သေနတ်ဆိုရင်တော့ အဝီစိကို ကပ်နေပြီဖြစ်ပါကြောင်း ရေးသား အသိပေးအပ်ပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013