စက်သုံးလောင်စာဆီဈေးတွေ ဆက်လက်မြင့်တက်လာတာနဲ့အမျှ မွန်ပြည်နယ်၊ ရေးမြို့နယ်က စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း ကုန်ကျစရိတ်တွေ ၂ ဆလောက် ပိုကုန်လာတာကြောင့် ရာသီပေါ် ခြံထွက် အသီးနှံတွေလည်း ပျက်စီးဆုံးရှုံးတာနဲ့ တွေ့ကြုံနေရတယ်လို့ ခြံသမားတွေက ပြောပါတယ်။
“အခု ဆီစျေးတွေက ၃ ဆ လောက် တက်တော့ ခြံမှာက အပင်တွေ ရေပေးရတယ်။ စက်နဲ့ ရေဖျန်းပေးရတာ ဆီစျေးကြီးတော့ ရေလည်း ပုံမှန်မပေးနိုင်၊ နွေရာသီဆို ချောင်းရေတွေ ခန်းခြောက်တော့ ရေမရှိရင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဆို အပင်တွေ ရေမရရင် ပျက်စီးဆုံးရှုံးသလောက် ဖြစ်ကုန်ပြီ”လို့ ခြံသမားတဦးက ပြောပါတယ်။
အခု ဒေသထွက်ကုန်တွေဖြစ်တဲ့ ရာသီပေါ် အသီးအနှံ ဟင်းသီးဟင်းရွက်တွေက အစ သယ်ယူစရိတ်တွေ၊ ဓာတ်မြေသြဇာတွေမှာလည်း စစ်တပ် အာဏာသိမ်း ၁ နှစ်ကျော်အတွင်းမှာ ပုံမှန်ဈေးထက် ၃ ဆ လောက် မြင့်တက်သွားတော့ ဝယ်လည်း မထည့်နိုင်၊ ရေလည်းမရပြန်ဆို ရာသီပေါ် အသီးနှံဟင်းသီးဟင်းရွက် အထွက်နှုန်းကျဆင်းတာနဲ့ ကြုံရတယ်လို့ ခြံသမားတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်း တခြားမြို့နယ်တွေထက် ရေးမြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းကို ဒူရင်း၊ မင်းကွတ်၊ ကြက်မောက်၊ နာနတ်၊ သံပရာ၊ ကွမ်းသီး၊ ရာဘာ စတဲ့ တခြား ရာသီပေါ်အသီးအနှံတွေကိုလည်း အဓိက စီးပွားဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေနဲ့ လုပ်ကိုင်နေကြပါတယ်။
အခုလို မြန်မာငွေစျေးတွေ တန်ဖိုးကျလာတာနဲ့အမျှ ရေးမြို့နယ်ရဲ့ စိုက်ပျိုးရေးလုပ်ငန်း ၆၀ ရာခိုင်နှုန်းကျော်လောက်ဟာ စက်သုံးဆီ၊ ဓာတ်မြေသြဇာ၊ သယ်ယူစရိတ်၊ အလုပ်သမား စရိတ်တွေကအစ ကုန်ကျစရိတ်ကြီးမြင့်တာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။