မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက လယ်ယာရွာနဲ့ လက်ပံလှရွာတွေကို မတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းပါမချန် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်း လယ်ယာရွာအနီးမှာ စစ်တပ်နဲ့ PDF တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညပိုင်းမှာတော့ စစ်ကောင်စီတပ်က လယ်ယာရွာကို ရွာလုံးကျွတ်မီးတင်ရှို့ခဲ့တာပါ။
ဒီနေ့ မတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာတော့ လယ်ယာရွာအနီးက လက်ပံလှရွာကို စစ်သားတွေက ရွာလုံးကျွတ် ထပ်မံမီးရှို့ခဲ့ပါတယ်။
လယ်ယာရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်၊ လက်ပံလှရွာမှာ အိမ်ခြေ ၁၅၀ ဝန်းကျင် စုစုပေါင်း အိမ်ခြေ ၃၅၀ ဝန်းကျင်ကို စစ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ဒေသခံရွာသားတွေကတော့ အနီးနားက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ပေါက်မြို့နယ်ဒေသခံတဦးက "မနေ့က မနက်ပိုင်း ၁၁ နာရီလောက်မှာ ပေါက်တောင်ပိုင်း လယ်ယာရွာနားမှာ တိုက်ပွဲဖြစ်တယ်ပေါ့။ ည ၉ နာရီလောက်ကြတော့ ရွာကို မီးတင်ရှို့တာပဲ။ အင်အား ၇၀ ကျော် ၁၀၀ နီးပါးရှိမယ်။ အဲ့ဒီကနေ သူတို့ပြန်ဆုတ်လာပြီး ဒီနေ့မနက်ကြတော့ လယ်ယာနဲ့မျက်စောင်းထိုး ယောချောင်း ဟိုဘက်ဒီဘက် လက်ပံလှရွာကို မီးရှို့တယ်။ လယ်ယာရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင် လောင်သွားတယ်။ ဘုန်းကြီးကျောင်းပါ လောင်သွားတယ်။ လက်ပံလှကတော့ ဘုန်းကြီးကျောင်းကျန်ခဲ့တယ် ပြောတယ်။ လက်ပံလှကတော့ အိမ်ခြေ ၁၅၀ လောက်ပါသွားတယ်။ ၂ ရွာပေါင်း အိမ်ခြေ ၃၅၀ ပေါ့။ ရွာလုံးကျွတ်နီးပါးပါပဲ။ ရွာအစွန်တွေပဲကျန်ခဲ့တယ်။ ရွာသားတွေကတော့ နီးစပ်ရာရွာတွေကို ထွက်ပြေးနေရတာပေါ့။"
စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ ရက်နေ့တုန်းကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာကို လေကြောင်းကနေ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွာသားတွေနဲ့ စာသင်နေတဲ့ မူလတန်းအရွယ် ကလေး ၈၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တိုင်းမှာလိုလို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်မီးရှို့ သတ်ဖြတ်တာတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက "စစ်တပ်ရဲ့ဗျူဟာလို့ပြောရင် သိပ်အဓိပ္ပါယ်မရှိပါဘူးဗျာ။ စစ်တပ်ရဲ့ အကြမ်းဖက်မှု ပုံသဏ္ဌာန်တွေပါပဲ။ ယင်းမာပင်၊ ချင်းပုန်းရွာမှာလည်း ဟိုနေ့က မီးရှို့သွားတယ်လေ။ စာသင်နေတဲ့ ကလေးလေးတွေကို ဓားစာခံအဖြစ် ဖမ်းထားတယ်။ လာလဲခိုင်းတယ်။ သွားမလဲရဲကြဘူး။ ကလေးတွေကို သနားလို့ သွားလဲတဲ့ မိဘ ၄ ယောက်မှာ တယောက်က နှိပ်စက်သတ်ဖြတ်ခံရတယ်။ နောက် ၃ ယောက်ကတော့ ဖမ်းခံရပြီးတော့ ရိုက်နှက်နှိပ်စက်ခံရတယ်။ တန့်ဆည်၊ ယောဘက်တွေမှာလည်း ရွာတွေကို မီးရှို့တဲ့ပုံစံတွေ ကြမ်းကြမ်းတမ်းတမ်း လုပ်လာနေတယ်။ ဒီရက်စက်မှုတွေအတွက် ကျနော်က တယောက်တည်းကျန်လည်း ခံချမှာပဲ။"
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်မြောက်တိုင်းစစ်ဒေသကို ထိန်းချုပ်ဖို့ စစ်ကောင်စီက အကြမ်းဖက် နည်းလမ်းပေါင်းစုံကို အသုံးပြုနေတာပါ။ ဖြတ်လေးဖြတ်စနစ်ကိုလည်း ကျင့်သုံးနေပြီး သတင်းအမှောင်ချဖို့အတွက် အင်တာနက်နဲ့ ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်နေပါတယ်။
ဒေသတွင်း စစ်ရေးမတည်ငြိမ်တာတွေကြောင့် ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ တွေ့ကြုံနေရပါတယ်။