
ပဲခူးတိုင်း(အနောက်) ပေါင်းတည်မြို့မှာ မတ်လ ၁ ရက် ဒီနေ့မနက်က ၁ နာရီကျော်လောက်လောက်မှာ မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ်တလုံး မီးထဲပါသွားခဲ့ပါတယ်။
ဒီနေ့မနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်မှာက အုတ်ဖို (၂) ရပ်ကွက်၊ ၃၇ လမ်းထိပ်က လက်ဖက်ရည်ဆိုင်နဲ့တွဲဖွင့်ထားတဲ့ နေအိမ်မှာ မီးကြွင်းမီးကျန်ကနေ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။
“ဖုံးသတင်းကြောင့် ကျနော်တို့ မီးသတ်ကားတွေလည်း ထွက်ပြီးသွားငြှိမ်းသတ်လိုက်ရတာ ကျနော်တို့ကားရောက်တော့ မီးကတော်တော်များနေပြီ။ ဒါပေမဲ့ ၂ နာရီ စွန်းစွန်းမှာ မီးကိုငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ လောင်သွားတာက လက်ဖက်ရည်ရောင်းတဲ့ အိမ် တလုံးပါပဲ၊ တထပ်အိမ်ပါ၊ လူတိရစ္ဆာန်၊ကျွဲ၊နွား ထိခိုက်မှုဘာမှမရှိပါဘူး”လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။
ဒီနေ့မီးလောင်မှုကို ပေါင်းတည်မြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၃ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့တာဖြစ်ပြီး မီးလောင် ပျက်စီးဆုံးရှုံးမှုကတော့ တွက်ချက်နေဆဲဖြစ်တယ်လို့ မီးသတ်ဌာနကနေ သိရပါတယ်။