ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အနည်းဆုံး ၁၂ ဦးလောက် သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာနဲ့ ဆောမြို့နယ် ဆွဲလွဲကျင်းကျေးရွာကြားမှာ CDF-ကန်ပက်လက်၊ လောင်းရှည် PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၈ နာရီခွဲလောက်ကနေ ညနေ ၄ နာရီလောက်အထိ ၇ နာရီကျော်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ CDF-ကန်ပက်လက်ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို လမ်းဘေးက တဲတစ်တဲမှာ စုပုံပြီး တဲကိုပါ မီးရှို့သွားကြတယ်လို့ ဆိုပါတယ်။
မောချောင်းရွာနဲ့ မဆွာတွီရွာကြားမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ CDF-ကန်ပက်လက်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၃ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
CDF-ကန်ပက်လက်ရဲ့ ပြန်ကြားရေးတာဝန်ခံက “နှစ်ဘက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်တွေ ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပေမဲ့ ကျနော်တို့ CDF-ကန်ပက်လက်ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့နယ်အတွင်းက ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ယူဆောင်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
မောချောင်းကျေးရွာက ဒေသခံပြည်သူတွေရဲ့နေအိမ် ၄ လုံးကိုလည်း ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ မီးရှို့ ဖျက်ဆီးခဲ့သလို နေအိမ်တွေကို မွှေနှောက်က ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေဖြစ်ပွားခဲ့တဲ့ ၃ ရက်တာ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က ၂၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို သိရှိနိုင်ဖို့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။