မြန်မာငွေကျပ် ၁ သိန်းကို ထိုင်းဘတ်ငွေ ၆၀၀ ထိတန်ဖိုးကျဆင်းနေ

ထိုင်း-မြန်မာနယ်စပ် ငွေလဲဈေးကွက်မှာ ဘတ်ငွေနဲ့လဲလှယ်တဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေပြီး နို၀င်ဘာ ၂၆ ရက် ဒီနေ့ မြန်မာငွေကျပ် ၁ သိန်းကို ထိုင်းဘတ်ငွေ ဘတ် ၆၀၀ ဘတ်ပဲရတယ်လို့ မဲဆောက်ဘက်က ငွေလဲလုပ်ကိုင်နေသူတွေထံက သိရပါတယ်။
မနေ့ကတော့ ကျပ်ငွေ ၁ သိန်းကို ၆၀၅ ဘတ် ၀န်းကျင် ရှိခဲ့ရာကနေ အခု ၆၀၀ ဘတ်လောက်ပဲ ရတော့တာဖြစ်ပြီး ငွေလွှဲလုပ်သူတချို့ကတော့ ကျပ် ၁ သိန်းကို ၆၀၅ ဘတ် ပေးပြီး လုပ်ပေး နေတာပါ။
ပစ္စည်းမရောက်ခင် ကြိုတင်မှာယူပြီး ငွေလွှဲထားရင် တွက်ခြေမကိုက်ဘဲ ဆုံးရှုံးတာ ရှိတယ်လို့ ဘန်ကောက်ကနေ ရန်ကုန်ကို အ၀တ်အထည်ပစ္စည်းပို့နေသူတယောက်က ပြောပါတယ်။
“ပြီးခဲ့တဲ့အပတ်က ဖောက်သည်က ရန်ကုန်ကနေ ဘန်ကောက်ကို အ၀တ်အစားနဲ့ ဖိနပ်မှာတာ ပေါ့နော်၊ အဲဒီတော့ ၁ သိန်းကို ၆၅၀ ဘတ်နဲ့ ငွေကြိုလွှဲထားတယ်။ ကျပ်တွေ လက်ထဲရှိပြီး ဘတ် ပြန်လဲရင် ကျနော်တို့ အမြတ်တောင် မကျန်ပါဘူး။ အခု ပစ္စည်းမှာတာ ခဏလောက်ရပ်ထားမယ်။”
လက်ရှိနှုန်းထားအရ ထိုင်းဘတ်မှ မြန်မာကျပ်သို ပြောင်းလဲသူတွေအတွက် ဘတ် ၆၄၀ ဆိုရင် ကျပ် ၁ သိန်းလောက် ရရှိနိုင်ပေမဲ့ ကျပ်ကနေ ဘတ်ကို ပြောင်းလဲရင် မြန်မာကျပ်ငွေ ကိုင်ထားသူတွေ နစ်နာနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ မိသားစုထံ ဘတ်ငွေနဲ့ ငွေလွှဲပို့ရင် ကျပ်ငွေ ပိုမိုရရှိနိုင်ပေမဲ့ မြန်မာဘက်ကနေ ထိုင်းဘက်ကို ငွေလွှဲရင် ပိုမိုပေးချေရတဲ့အခြေအနေ ဖြစ်လာတာပါ။
မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေတဲ့ အကြောင်းရင်းကို တိတိကျကျ သတ်မှတ် ပြောဆိုဖို့ ခက်ခဲတယ်လို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းလုပ်နေသူတွေက ဆိုပါတယ်။
မြန်မာငွေ မတည်ငြိမ်မှု အပြောင်းအလဲတွေကြောင့် ကုန်သွယ်ရေး၊ ငွေလွှဲလုပ်ငန်းတွေအပေါ် သက်ရောက်မှု ရှိနေကြောင်း သုံးသပ်ထားပါတယ်။
“လက်ရှိမှာတော့ အမေရိကန်ဒေါ်လာလည်း တက်၊ တရုတ်ယွမ်လည်း တက်၊ အခု ထိုင်းဘတ်ပါ တက်နေတော့ ဒီဈေးနှုန်းတွေကို ဘယ်သူတွေက သတ်မှတ်ပြီးတော့ ဘယ်သူတွေက ချုပ်ကိုင်နေလဲ ဆိုတာကလည်း မသိနိုင်ဘူး၊ ဒါပေမဲ့ နယ်စပ်ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ငွေလွှဲ လုပ်ငန်းတွေမှာ သက်ရောက်မှုတွေ ရှိနေတာပေါ့။ သွင်းကုန်ဈေးတွေက အပြောင်းအလဲ ဖြစ်ပြီးလို့ ပြောလိုရပါတယ်။”
ကျန်းမာရေးနဲ့ ပညာရေးကောင်းတဲ့ ထိုင်းနိုင်ငံကို သွားရောက်မဲ့သူတွေအတွက် မြန်မာပြည်ကနေ ထိုင်းကို ငွေလွှဲရင် အခက်အခဲ အများကြီး ဖြစ်နေတာပါ။
စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က အမေရိကန် ၁ ဒေါ်လာ ၃,၆၆၀ ကျပ်နှုန်း သတ်မှတ် ထားပေးမဲ့ အပြင်ဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေးဟာ ၁ ဒေါ်လာကို ကျပ် ၅,၄၀၀ လောက်ထိ မြင့်တက်နေပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာလည်း တရုတ်ယွမ်ဈေး တက်နေပြီး ၁၀၀ ယွမ်ကို ကျပ် ၈၀,၀၀၀ နီးပါး ရှိနေတာပါ။
ရန်ကုန်ဘက်မှာတော့ စစ်အာဏာရှင်လက်အောက်ခံတပ်တွေက တရားမ၀င်လိုင်စင်မဲ့ ငွေကြေး ရောင်း၀ယ်တယ်ဆိုပြီး လိုက်လံဖမ်းဆီး အရေးယူနေပါတယ်။











