DVB Logo
Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံသူများ မြန်မာသို့ ပြန်ဝင်ရောက်ရေး ကမ်ပိန်းလုပ်မည်ဟု စစ်ကောင်စီ ဝန်ကြီးပြော
DVB
·
February 24, 2022
ရင်းနှီးမြှုပ်နှံသူများ မြန်မာသို့ ပြန်ဝင်ရောက်ရေး ကမ်ပိန်းလုပ်မည်ဟု စစ်ကောင်စီ ဝန်ကြီးပြော
Donate to DVB

ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာရေးအတွက်   Investor Targeting Campaign ကို စီစဉ်ဆောင်ရွက်နေပြီး အစီအစဉ်အရ တရုတ်နဲ့ ရုရှား အပါအဝင် သင့်တော်တဲ့  မိတ်ဆွေနိုင်ငံတွေကို ဆွဲဆောင်စည်းရုံးသွားမယ်လို့ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

ဒီ့အတွက် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ကုမ္ပဏီတွေ ပြန်လည်ဝင်ရောက် ရင်းနှီးမြှုပ်နှံလာဖို့အတွက် စစ်ကောင်စီဟာ ဘက်ပေါင်းစုံက စဉ်းစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုလိုဆောင်ရွက်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ခိုင်မာတဲ့ အာမခံချက်နဲ့ စီးပွားရေး အကျိုးရလဒ်တွေအတွက် နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ကာကွယ်ပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြည်ပသတင်းမီဒီယာတွေနဲ့ အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ပြီး ဖြေကြားခဲ့တာပါ။

ဒါပေမဲ့ စစ်ကောင်စီက စီမံနေသလို ဖြစ်လာဖို့က လက်ရှိအခြေအနေမှာတော့ ထင်သလောက် မလွယ်ကူတဲ့ အနေအထားမှာရှိနေပါတယ်။

စီးပွားရေးသုတေသီတဦးက “တရုတ်အနေနဲ့ မြန်မာကို ၁၉၈၈ တုန်းကလို ကူညီသလိုမျိုး အလုံးလိုက်၊ အခဲလိုက် ဝင်လာမဲ့ အနေအထားမျိုးမရှိဘူးနော်။ အခုလည်း ကျနော်တို့ သိရသလောက်က စောင့်ကြည့်အနေအထားပဲ ရှိပါတယ်။ ဘာကြောင့်လဲဆို တရုတ်က နယ်စပ် ဂိတ်ပေါက်တွေ အကုန်လုံးကို မဖွင့်ပေးသေးဘူးနော်။ နယ်စပ်ဂိတ်ပေါက်တွေ အကုန်လုံးကို ဖွင့်ပေးလိုက်ရင်တောင် အဲ့ဒီကနေ စစ်ကောင်စီအတွက် အခွန်အခတွေ အများကြီးရနိုင်တယ်။ တဖက်က ကြည့်ရင်တော့ စစ်ကောင်စီအတွက် အခွန်တွေ မရတော့ ကောင်းတာပေါ့နော်။ ပြီးတော့ တရုတ်ရဲ့ နိုင်ငံရေး ပေါ်လစီ၊ စီးပွားရေးပေါ်လစီက ယခင် ၁၉၈၈ တုန်းကလို ရက်ရက်ရောရောနဲ့ ပေါချောင်ကောင်းရတယ် ဆိုပြီး တရုတ်က မျက်စိမှိတ်ဝင်လာမယ့် အနေအထား မရှိဘူး။ ဒါပေမဲ့ တခုတော့ ရှိတယ်။ တရုတ်က ဖျာဦးတာမျိုးတော့ လုပ်နိုင်တယ်။ အဆိုပြုထားတာပေါ့ဗျာ။ တကယ်က မလုပ်ဘူးလေ။ ဖျာဦးထားတယ်ပုံစံမျိုးပဲ လုပ်နိုင်တယ်။ အဲ့ဒါကိုပဲ စစ်ကောင်စီက ဘယ်နိုင်ငံက ဒေါ်လာသန်းဘယ်လောက် လာရောက်ရင်းနှီးမြှုပ်နှံတယ်ဆိုပြီး ကြွေးကြော်ရင် ကြွေးကြော်မယ်။ ဒါပေမဲ့ လာရောက်ရင်းနှီးမြှုပ်နှံပြီလားဆိုရင် လာရောက်ရင်းနှီးမြှုပ်နှံတာ မဟုတ်ဘူးနော်။ အဲ့ဒါမျိုးတွေ ရှိလာနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးရဲ့အဆိုအရ စစ်တပ်မှအာဏာသိမ်းပြီးနောက် (၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်အထိ) ရင်းနှီးမြုပ်နှံမှုကဏ္ဍပေါင်း ၁၂ ခု၊ လုပ်ငန်းပေါင်း ၄၄ ခုရှိကာ တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၃ သန်း ခွင့်ပြုပေးခဲ့ပြီး အဲဒီထဲက လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၀၆၂ သန်းနဲ့ အများဆုံးရှိပြီး ဝန်ဆောင်မှုကဏ္ဍ အမေရိကန်ဒေါ်လာ ၂၃၇ သန်း နဲ့ စက်မှုကဏ္ဍ ၁၉၉ သန်း ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူတွေအတွက် စစ်ကောင်စီက အာမခံချက်အပြင် နိုင်ငံတကာမှ စီးပွားရေး စံသတ်မှတ်ချက်၊ လုံခြုံရေးနဲ့ လိုအပ်လာပါက တခြားသောဖြေလျှော့မှုတွေကို အဓိကထားဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ ပြင်ပကမ္ဘာမှ မဟုတ်မမှန် လုပ်ကြံချဲ့ကား သတင်းများကို မယုံကြဘဲ စိတ်ချ လက်ချ ရဲရဲတင်းတင်း မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ အလေးအနက်ဖိတ်ခေါ်လိုကြောင်း ပြောဆိုခဲ့ပါတယ်။

ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အကြမ်းဖက်စစ်ကောင်စီ ခွင့်ပြုတဲ့ မည်သည့်ရင်းနှီးမြှုပ်နှံမှုကိုမဆို တရားမဝင်ကြောင်း အသိပေးပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013