DVB Logo
Home
မြန်မာသတင်း
အိုမီခရွန် ကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကို မြန်မာပြည်သူများ ကိုယ့်အားကိုယ်ကိုး ရင်ဆိုင်ကျော်ဖြတ်နေ
DVB
·
February 22, 2022
အိုမီခရွန် ကူးစက်ပျံ့နှံ့ဖြစ်ပွားမှုကို  မြန်မာပြည်သူများ ကိုယ့်အားကိုယ်ကိုး ရင်ဆိုင်ကျော်ဖြတ်နေ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီရဲ့  ကျန်းမာရေးစောင့်ရှောက်မှုကို မြန်မာပြည်သူလူထုက အယုံအကြည်မရှိတာကြောင့် GP ဆေးခန်းတွေနဲ့  ကိုယ်နိုင်သလောက် ကုသမှုခံယူပြီး ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားမှုကို  ရင်ဆိုင်ဖြတ်သန်းနေကြတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ကြုံတွေ့ခဲ့ရပြီး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဒဏ်ကို လူထုက ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစပြီး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် ကျန်းမာရေးစနစ်ကြီး တခုလုံးက ဖရိုဖရဲဖြစ်သွားခဲ့ပြီး ကိုဗစ် တတိယလှိုင်းမှာတော့ လူပေါင်းများစွာရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရပါတယ်။

အခုတကြိမ် ထပ်မံကြုံတွေ့နေရတဲ့ ကိုဗစ်မျိုးကွဲ အိုမီခရွန် ကူးစက်ဖြစ်ပွားမှုကလည်း ရန်ကုန်လူထုရဲ့  ထက်ဝက်ကျော်လောက်ကို  ကူးစက်ခဲ့ပြီးဖြစ်ပေမယ့် လူထုက အာဏာသိမ်းစစ်တပ်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အယုံအကြည် မရှိတာကြောင့် မိမိ အားနဲ့မိမိ နိုင်သလောက် ဖြေရှင်းနေရပါတယ်။

ကျန်းမာရေးဝန်ထမ်းတဦးက “အရင်ရှေ့မှာဖြစ်ခဲ့တဲ့ ဒုတိယလှိုင်း ပြီးတော့ တတိယလှိုင်းနဲ့ အခု အိုမီခရွန် ပေါ့နော်။ အဲ့တော့ မတူတာက ကျနော်တို့ ကျန်းမာရေးဘက် ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်တာတွေအတွက် သေချာလုပ်နိုင်တာတွေတော့ မရှိဘူးနော်။ ဘာလို့လဲဆို အရင်ကဆိုရင် စနစ်တကျ ကွာရန်တင်းစင်တာတွေရှိတယ်။ ပြီးတော့ ရောဂါနဲ့ထိစပ်မှု ရှိခဲ့တာတွေကိုလည်း သေချာလုပ်နိုင်ခဲ့လို့ ဒုတိယလှိုင်းမှာ ကျနော်တို့ အများကြီးသက်သာခဲ့ရတယ်။ တတိယလှိုင်းမှတော့ သိကြတဲ့အတိုင်းပဲ ဖရိုဖရဲနဲ့ လုံးဝဖြစ်ခဲ့လို့ အသက်တွေ အများကြီးပေးခဲ့ရတယ်နော်။ အခု အိုမီခရွန်ကတော့ လက်တလောမှာ ပြင်းထန်တဲ့ပုံစံမျိုးတွေ သိပ်မတွေ့ရဘူး။ ဒါပေမဲ့ ပျံ့နှံ့မှုနှုန်းကတော့ များတယ်။ အခုလက်ရှိမှာဆိုရင် တော်တော်များများက ကူးစက်ပြီးလို့ အကုန်လုံးကို မေးလိုက်လို့ရှိရင် ဖျားပြီးသွားပြီ၊ လည်ချောင်းနာပြီးသွားပြီ ဆိုတော့ ပျံ့နှံ့မှုကတော့ တော်တော်လေးများပါတယ်။ တဖက်မှာလည်း ထိရောက်တဲ့ ကာကွယ်မှုအတွက်ကတော့ ဆေးရုံ၊ ဆေးခန်းတွေ ကွာရန်တင်းစင်တာတွေကို လူတွေက အရင်လို အားကိုးပြီး သွားတာမျိုး သိပ်မတွေ့ရဘူး။ ကိုယ့်ဘာသာ နိုင်သလောက် ကုနေကြတာမျိုးကို တွေ့နေရပါတယ်။ ပြီးတော့ အပြင်မှာရှိတဲ့ ဆေးခန်းတွေမှာဆိုရင်တော့ လူနာတွေ များခဲ့တာ တွေ့ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်မျိုးကွဲ အိုမီခရွန်ပိုးနဲ့ပတ်သတ်ပြီး ကုသရေး စင်တာတချို့အား ဖွင့်လှစ်ထားပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအစီအမံတွေက စနစ်တကျမရှိတဲ့ ပြဿနာတွေ ရှိနေပါတယ်။

ပရဟိတဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတဦးကလည်း “ရန်ကုန်မှာ ကွာရန်တင်းစင်တာတွေက ၂ခု၊ ၃ခုလောက် တော့ ဖွင့်ထားတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ health care management နဲ့ ပတ်သက်ပြီး အစီအစဉ်မကျတာတွေ နောက်တခုက ပြည်သူရဲ့အားကိုးအားထား မဖြစ်တာတွေ ရှိတယ်။ အရင်တုန်းကတော့ ပြည်သူရဲ့အားကိုးအားထားရာ ဖြစ်ခဲ့တယ်။ အခုကတော့ ပြည်သူဘက်က ယုံကြည်မှုတွေ ကျဆင်းလာတဲ့အချိန်ဆိုတော့ ကိုယ့်ဘာသာပဲ ကာကွယ်စောင့်ရှောက်ကြတာမျိုးတွေ အများဆုံးတွေ့နေရပါတယ်။  နောက်တချက်က အိုမီခရွန်ရဲ့ ပုံစံအရသာ ကျနော်တို့ ပြည်သူတွေက သက်သာနေကြတာပါ။ ဘာကြောင့်လဲဆို တော်တော်များက ရောဂါအခံ ကြီးကြီးမားမား မရှိဘူးဆိုရင် ပုံမှန် တုပ်ကွေးလိုမျိုးပဲ ဖြစ်နေလို့ အခုအချိန်ထိ ဖျားလို့ ရှိရင် ကိုယ့်ဘာသာ ဆေးသောက် ဒါမှမဟုတ် အပြင် GP ဆေးခန်းတွေမှာ ပြသပြီး သက်သာနေကြတာပါ။ တကယ်လို့ ဒီ့ထက်ပိုဆိုးပြီး delta နဲ့ရောလာတဲ့ ပိုးတွေ ဖြစ်လာလို့ရှိရင် တော်တော်လေး စိုးရိမ်စရာကောင်းပါတယ်ခင်ဗျ” လို့  ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ ၂၁ ရက်  ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာပေါင်း ၆ ဒသမ ၉ သန်းကျော်အား စစ်ဆေးခဲ့တဲ့အနက် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၅ ဒသမ ၆ သိန်းကျော်ရှိခဲ့ပြီး အသက်ဆုံးရှုံးသူဦးရေ ၁၉,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ သူ့လက်ထက်မှာ ကိုဗစ်-၁၉ ရောဂါကို အောင်အောင်မြင်မြင် ကိုင်တွယ်ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သူ့ရဲ့ မိန့်ခွန်းတွေမှာ ပြောဆိုနေပါတယ်။

Photo-NUG

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013