အာဏာသိမ်းစစ်ကောင်စီက ရက္ခိုင့်တပ်တော်(အေအေ) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ၄၆ ဦးအနက် ၃၃ ဦးသာ ပြန်လွှတ်ပေးသေးတယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်က သိရပါတယ်။
ဖမ်းဆီးထားသူ ၄၆ ဦးအား အမှုပိတ်သိမ်းပြီးပြန်လွှတ်ပေးမယ်ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်က ထုတ်ပြန်ထားထားပေမယ့် စစ်တွေအကျဉ်းထောင်မှ ၂၆ ဦးနဲ့ ကျောက်ဖြူအကျဉ်းထောင်မှ ၇ ဦးသာ ပြန်လွတ်လာသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဏ္ဏားကျွန်းမြို့နယ်၊ ကျောက် ဆိပ်ကျေးရွာသား ၅ ဦးအပါအဝင် အေအေ သံသယနဲ့ ဖမ်းဆီးခံထားရသူ ၆၀ ကျော်ကတော့ မလွတ်သေးဘူးလို့ သိရပါတယ်။
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုတာနဲ့ ထာဝရငြိမ်းချမ်းရေးကို ရှေးရှုပြီး လွှတ်ပေးတာလို့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးပြီး ကြေညာထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုနေ့အထိမ်းအမှတ် တနိုင်ငံလုံး အကျဉ်းထောင်တွေက အကျဉ်းသား ၈၁၄ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကိုလည်း ထောင်ဒဏ်ထက်ဝက် လျှော့ချလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo : MPA