DVB Logo
Home
Lead Story
ကျား ကျား မီးယပ်တို့ရဲ့ နိဂုံး
DVB
·
February 11, 2022
ကျား ကျား မီးယပ်တို့ရဲ့ နိဂုံး
1 / 2
Donate to DVB

မြန်မာတပ်မတော်ဟာ မိမိကိုယ်မိမိ ထင်တလုံးနဲ့ ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ တရားသေဝါဒ၊ တရားသေအမြင်ကို ကိုင်စွဲလာတာကြာပါပြီ။ လူထုဘက်ကလဲ တပ်မတော်ကို ကျား ကျား မီးယပ်အဖွဲ့ကြီးလို့ မြင်နေကြတာကြာလှပါပြီ။ မြန်မာ့တပ်မတော်ခေါင်းဆောင်တွေမှာ ငါတို့အဖွဲ့အစည်းကြီးဟာ နိုင်ငံနဲ့လူမျိုးအတွက် မရှိမဖြစ် အဖွဲ့အစည်းကြီးဆိုတဲ့ အစွဲကလဲ ပြင်းထန်လှပါတယ်။ ငါတို့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်းရချိန်ကစပြီး၊ ဖဆပလအစိုးရလက်ထက် ဖက်ဒရယ်မူကြောင့် တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ငါတို့ ကယ်တင်ခဲ့ပေလို့ပေါ့ဆိုတဲ့ ဘဝင်ကလဲ မြင်းမိုရ်တောင်ပေါ်မှာ ချိတ်ထားလျက်ပါပဲ။ 

၁၉၈၈ အရေးအခင်းဟာ စစ်အာဏာရှင်စနစ်ကို လူထုက အာခံပြတာလို့မမြင်ဘဲ  ဗကပနဲ့ ယူဂျီ ကြောင့် ဆူပူချင်သူတွေ လမ်ပေါ်ရောက်လာတာလို့ဆိုကြပြန်တယ်။ ၁၉၈၈ မှာ လူထုဆူပူအုံကြွ၊ လူထုလမ်းမှားရောက်ပြီး တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် လုပ်ကြချိန်မှာလဲ ငါတို့ အဖွဲ့အစည်းကြီးက တိုင်းပြည်အာဏာကို မလွှဲမရှောင်သာ ထပ်ကယ်တင် အာဏာထပ်ယူယူလိုက်ပေလို့သာ တိုင်းပြည်နဲ့ လူမျိုး ဒုက္ခမရောက်တာဆိုတဲ့ အပြောတွေနဲ့ ကိုယ်ကိုယ်ကိုယ်ရော၊ လက်အောက်ငယ်သားစစ်သည်တွေကိုပါ ၊ လိမ်ညာလာတာ ကြာခဲ့ပါပြီ။ ခုခေတ် စကားနဲ့ပြောရရင် အောက်ခြေစစ်သည်တွေကိုလဲ ဂျင်းထည့်ပေးထားပြီး၊ ကိုယ်ကိုယ်တိုင်လဲ ဂျင်းပြန်ထည့်နေလာတာ တတိယမြောက် အာဏာသိမ်းချိန်မှာတော့ ဝက်ဝက်ကွဲတဲ့ အဖွဲ့အစည်းကြီး အဖြစ် တနှစ်အတွင်း ရုပ်လုံးပေါ်လာပါတယ်။

၁၉၈၈ အရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးထဲ ခြေစုံပစ်လာတာဟာ၊ စစ်အုပ်စုအတွက် အကြီးမားဆုံးဆူးညှောင့်ခလုတ်တခုဖြစ်လာပါတယ်။ ဒါကြောင့် ၁၉၈၈ ကစပြီး၊ ဒီကနေ့ထိ အင်အယ်လ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးထဲက ဖယ်ရှားရေးဟာ စစ်အုပ်စုရဲ့ ထိပ်တန်းဦးစားပေးဖြစ်ခဲ့ပါတယ်။ နည်းလမ်းမျိုးစုံသုံး ဖယ်ထုတ်ဖို့ ကြိုးစားလေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်လ်ဒီပါတီကို လူထုက တခဲနက်လက်ခံလေ ဖြစ်လာတာကိုလဲ ကျိတ်မကျေနပ်တာကလွဲလို့ သမ္မာသမ္မတ် ကျိုးကြောင်းနည်းကျ ဆင်ခြင်သုံးသပ်နိုင်စွမ်း လုံးဝကင်းမဲ့တဲ့ လူစုပါ။ သူတို့ ပြောလေ့ရှိတဲ့ “ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့” ဆိုတာနဲ့ လူပုဂ္ဂိုလ်ကိုးကွယ်မှုဆိုတာကလဲ တကယ့်လူထုစိတ်ခံစားမှုနဲ့ အလွဲကြီးလွဲနေပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ လူထုစိတ်ခံစားမှုကို နားမလည်ရုံသာမက၊ လူထုကိုလဲ အထင်သေးသူတွေပါ။ လူထုကို ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်လ်ဒီကို တားဆီးနိုင်မယ်လို့ ယုံကြည်ကြသူတွေပါ။ ဒါပေမဲ့ လူထုက ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပါတီကို ပုံအောမဲပေးလိုက်တော့ ဘယ်လိုမှ မတတ်သာဘဲ၊ အာဏာလွှဲပေးလိုက်ကြရပါတယ်။ ၂၀၁၆-၂၀၂၀ အင်အယ်လ်ဒီအစိုးရသက်တမ်းအတွင်း စစ်တပ်နဲ့ သူ့ရဲ့နောက်ဆွယ်ပါတီတချို့ဟာ ကန့်လိုက်တိုက်ခဲ့ကြတာ လူထုသိတာလဲရှိ၊ မသိတာလဲရှိခဲ့ပါတယ်။ အင်အယ်လ်ဒီအစိုးရက သည်းခံပြီး ရသမျှဘောင်ထဲကနေ နိုင်ငံနဲ့လူမျိုးအတွက် အလုပ်လုပ်သွားပါတယ်။ စစ်တပ်နဲ့ သူ့ရဲ့နောက်ဆွယ်ပါတီတချို့ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲကွဲအောင်ကြိုးစားပြန်ပါတယ်။ ဒါလဲမအောင်မြင်ပြန်ပါဘူး။

အရပ်သားအစိုးရ နောက်ထပ် ၅ နှစ်အခြေကျမှာ၊ နိုင်ငံတည်ဆောက်မှာကို စစ်ဗိုလ်ချုပ်တွေ ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။ ၂၀၂၀ နိုဝင်ဘာ ၈ ရက် မဲပေးတဲ့နေ့မှာ မီဒီယာတခုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အင်တာဗျူးပါတယ်။ 

“လူထုပေးတဲ့ မဲရလဒ်ကို လက်ခံရမှာပါ” လို့ မင်းအောင်လှိုင်ပြန်ဖြေခဲ့တာကို လျစ်လျူရှုပြီး၊ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရွေးကောက်ခံအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို ထိန်းချုပ်ပြီး နိုင်ငံ့အာဏာကို သိမ်းလိုက်ပြန်ပါတယ်။

တကယ်တော့ စစ်အုပ်စုဟာ သူတို့လက်ထဲ သေနတ်နဲ့ တပ်ရှိနေသရွေ့ အာဏာသိမ်းတယ်ဆိုတာ ငှက်ပျောသီးအခွံနွှာစားရသလောက်ပဲလို့ ခံယူထားသူတွေပါ။ နိုင်ငံတကာက ပါးစပ်နဲ့ ခဏကန့်ကွက်ကြမယ်။ ပြည်သူက ခဏ ဆူပူမယ်။ ပြီးရင် ပုံမှန်ပြန်ဖြစ်ပြီး အငြိမ်းစား စစ်ဗိုလ်ချုပ်တယောက်ပြီးတယောက် သမ္မတရာထူးယူနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးကို ရာသက်ပန်တည်မြဲအောင် အုတ်မြစ်ထပ်ချဖို့ ရည်ရွယ်ခဲ့တာပါ။

ဒါပေမဲ့ ဘယ်လို ရက်ရက်စက်စက်နှိပ်ကွက်ပါစေ။ လူထုက နောက်မတွန့်ဘဲ လက်နက်ကိုင်လမ်းစဉ်ကိုရွေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ကျန် အင်အယ်လ်ဒီ ( အထူးသဖြင့် အင်အယ်လ်ဒီအလတ်၊ အငယ်တွေ) ကို အထင်မကြီးတဲ့ စစ်အုပ်စုဟာ၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာထဲမှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့တာကို အရူးချီးပန်းအလုပ်လို့ ယူဆပုံရပါတယ်။ နောက်တဆင့်တက်ပြီး NUG အစိုးရဖွဲ့တော့လဲ လေအစိုးရဆိုပြီး ပြက်ရယ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ အားကောင်းလာတဲ့ PDF တွေ၊ နိုင်ငံတကာကို ထိုးဖောက်သင့်သလောက်ထိုးဖောက်လာနိုင်တဲ့ CRPH နဲ့ NUG ဒီအဖွဲ့တွေနဲ့ ချိတ်ဆက်တာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ CDM ခိုင်ခိုင်မာမာဆက်လုပ်နေတဲ့ဝန်ထမ်းတွေ စတဲ့ ရန်တွေ စစ်ကောင်စီကို ဝိုင်းပတ်ထားပါပြီ။ နေ့စဉ်ဖြစ်နေတဲ့ မြေပြင်တိုက်ပွဲတွေမှာ စကစတပ်ဘက်က နေ့တိုင်း အသေအပျောက်များပြီး အမြဲတမ်းစစ်ရှုံးနေတဲ့ အခြေအနေကို လေကြောင်းသုံးတုံ့ပြန်တာ ဒေသခံလူထုကို ဖမ်းဆီးနှိပ်စက်တာ နေအိမ်တွေမီးရှို့တာစတဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေနဲ့ တုံ့ပြန်နေပါတယ်။

ပြည်တွင်း ပြည်ပ နှစ်ဌာနစလုံးမှာ အခြေမဟန်တာကို မသိဟန်ပြုပြီး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားပြီး ထာဝရငြိမ်းချမ်းရေး အလိုချင်ဆုံးအဖွဲ့အဖြစ် ပုံဖော်ပြဖို့ ၇၅ နှစ်မြောက်ပြည်ထောင်စုနေ့ကို ခြိမ့်ခြိမ့်သဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ နိုင်ငံတော်သမ္မတသာ ခံယူခွင့်ရှိတဲ့ ဗိုလ်ရှုခံသဘင်မှာ မင်းအောင်လှိုင်တက်ရောက် အလေးပြုခံမှာပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒီပြည်ထောင်စုနေ့လာတက်ပြီး ထာဝရငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ စာထွက်လာပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တချိုက သူတို့ကို တရားဝင်ဖိတ်ကြားခြင်းမရှိသလို၊ သူတို့ဘက်ကလဲ တက်ဖို့အကြောင်းမရှိပါဘူးလို့ မီဒီယာတွေကို ပြောလာကြပါပြီ။ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကလဲ ၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်ဖို့ လမ်းမမြင်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။

မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ အရူးပါးတွေပါ။ ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တူတူတန်တန်လေးလေးစားစား စာတတန်ပေတတန်မဖိတ်ပါဘူး။ ဒါကြောင့် နဂိုကတည်းက ဖိတ်ရင်လဲ လာမှာမဟုတ်ဘူးလို့ သူတို့သိနေတဲ့ အဖွဲ့တွေဆီက မတက်ဘူး။ အလေးမထားဘူးဆိုတဲ့ အသံတွေထွက်လာပါပြီ။ ၁၂ ရက်နေ့ပွဲပြီးရင် မင်းအောင်လှိုင်တို့က “ ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ တိုင်းရင်းသားတွေကိုယ်တိုင်က ငြိမ်းချမ်းရေးမလိုချင်တာ ခင်ဗျားတို့သိပြီ မဟုတ်လား” လို့ အသံကောင်းဟစ်ပြီး၊ မီးကုန်ယမ်းကုန်သူတို့ဘက်က ဆော်တော့မှာပါ။ ဒီလို မီးကုန်ယမ်းကုန် PDF  EAOs နဲ့ လူထုကို ဒုက္ခပေးဖို့ လုပ်လာတဲ့လုပ်ရပ်ကပဲ ကျားကျားမီးယပ်အဖွဲ့ရဲ့ နိဂုံးဖြစ်လာပါလိမ့်မယ်။ 

အောင်နွေဦး

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013