DVB Logo
Home
Lead Story
နောက်ဆုံးပိတ် အိတ်နှင့် လွယ်မည့်သူ
DVB
·
February 2, 2022
နောက်ဆုံးပိတ် အိတ်နှင့် လွယ်မည့်သူ
Donate to DVB

‘နောက်ဆုံးပိတ် အိတ်နှင့်လွယ်မည့်သူ’ဟု မြန်မာတို့ ပြောတတ်ကြသည်။ သည်စကား ဘယ်ကစ ဘယ်လိုသုံးလာကြကြောင်း ကျွန်တော် မသိပေ။ သို့သော် လူ့သဘာဝအရ တခုခုကို ဦးစွာယူလိုကြသည်။ လောဘကိုထိန်း၍ နောက်ဆုံးမှ အေးအေးဆေးဆေးယူမည့်သူသည် တနင့်တပိုး အိတ်နှင့်လွယ်ယူရသည်ထိ ရှေ့လူတွေထက် ပိုရမည်ဟု လောဘနည်းသူကို တင်စားလေသလား တွေးမိပါသည်။

မြန်မာ့တပ်မတော်ကား ကျွန်တော့်အတွေးနှင့် ပြောင်းပြန်လမ်းပေါ် ရောက်နေလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းက စတင်ဦးဆောင်ခဲ့သည့် မြန်မာ့တပ်မတော် တည်ရှိခြင်းသည် တတိယမြောက် နိုင်ငံ့အာဏာကိုသိမ်းသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်သည်  နောက်ဆုံး ဖြစ်စေရမည် မြန်မာလူထုက အံခဲ တိုက်ပွဲဝင်နေကြချိန် ဖြစ်ပေသည်။

လက်ရှိ မြန်မာ့အခင်းအကျင်းများကလည်း မြန်မာလူထုက အစဉ်အလာကြီးမားပေသည်ဟု တပ်မတော်သားတို့ ဂုဏ်တင်ခဲ့သည့် မြန်မာစစ်တပ် အမြစ်ပြုတ်ထွက်တော့မည်ဟု ပြသနေပေသည်။ နိုင်ငံ့အာဏာကို ချုပ်ကိုင်ခဲ့သည့် စစ်ဘက်အကြီးအကဲများအနက် ဗိုလ်မင်းအောင်လှိုင်သည် တတိယမြောက် ဖြစ်ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခြင်းသည် မြန်မာ့သမိုင်းတွင် နောက်ဆုံး ဖြစ်ရမည်။  မကြာမီ ဗိုလ်မင်းအောင်လှိုင်ရော မြန်မာစစ်တပ်ပါ အပြီးပြိုပျက်ခြင်းဖြင့် ဆုံးခန်းတိုင်ရမည်ဟု လူထုက ကြုံးဝါးလျက်ရှိပေရာ ဗိုလ်မင်းအောင်လှိုင် နောက်ဆုံးပိတ် အိတ်နှင့် ဘာတွေ လွယ်သွားမည်နည်း။

မြန်မာလူထုက မင်းအောင်လှိုင် လွယ်သွားရမည့် လွယ်အိတ်ထဲသို့ မည်သည့် ကာကွယ်ရေးဦးစီးချုပ်၊ မည်သည့် တပ်မတော်အကြီးအကဲမျှ မရဖူးသည့် မကောင်းဂုဏ်သတင်း မျိုးစုံကို ထည့်ပေးနေကြပြီ ဖြစ်ပါသည်။ 

လိမ်ညာအာဏာသိမ်းသူ။ ၂၀၂၀ ပါတီစုံရွေးကောက်ပွဲသည် အပြစ်အနာအဆာ အနည်းအကျဉ်း ရှိသည်မှအပ တရားမျှတလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း လူထုက သိသည်။ ကမ္ဘာက လက်ခံထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာထိန်းရသည်ဟု ဆိုပြန်သည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် စစ်တပ်က အာဏာသိမ်းယူခွင့် (ထိန်းခွင့်) မပါပေ။

လူထုကို စောင့်ရှောက်ရန် တာဝန်အရှိဆုံး စစ်တပ်အကြီးအကဲက ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများအား စစ်တပ် သုံးပြီး ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်စေသူ။ 

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖြစ်လာသည့် အန်အယ်လ်ဒီအစိုးရသည် သဘောထားကြီးစွာဖြင့် မည်သည့်စစ်ဗိုလ်တဦးတယောက်ကိုမျှ နောက်ကြောင်းပြန် အရေးယူခြင်း မပြုခဲ့သော်လည်း၊ မင်းအောင်လှိုင် ဦးဆောင်သည့် စကစ သည် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အန်အယ်လ်ဒီ ထိပ်ပိုင်းအဖွဲ့ဝင်များစွာကို ဖမ်းဆီးထိန်းသိမ်းရုံသာမက၊ သူတို့ မကျူးလွန်သည့် အပြစ်များဖော်ပြလျက် ပုဒ်မအမျိုးမျိုး တပ်ကာ အမှုပေါင်းများစွာကို စွဲချက်တင်စစ်ဆေးစေသူ။

အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပင် အနုပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် တခြားနယ်ပယ်စုံမှ ပြည်သူများ ပြည်တွင်း ပြည်ပ နေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ရသည့်ဘဝသို့ ပေးပို့ခဲ့သူ။

စကစ က အရေးပေါ်ထုတ်ပြန်သည့် ဥပဒေမှန်သမျှ၊ လူထုကို အကာအကွယ်ပေးရန်မဟုတ်ဘဲ၊ လူထုကို ဖိနှိပ် ဖမ်းဆီး အပြစ်ရေးသို့ ဦးတည်စေသူ။

စစ်တပ်၏ အာဏာသိမ်းမှုကို ပြည်တွင်း ပြည်ပက တခဲနက် ရှုတ်ချလက်မခံနိုင်ကြောင်း ပြသနေချိန်တွင် မျက်နှာပြောင်ပြောင်ဖြင့် ငါ့စကားနွားရ မိန့်ခွန်းများ မကြာခဏပြောနေသူ။ ထို ငါ့စကားနွားရ မိန့်ခွန်းများသည် မင်းအောင်လှိုင်နှင့် စကစ၏ ညံ့ကွက်၊ ဟာကွက်၊ မဟုတ်မဟတ် လုပ်ဆောင်မှုများကို ပြန်ပြောပြသည့်သဖွယ် ဖြစ်နေသည်ကိုပင် နားလည်နိုင်စွမ်းမရှိသည်ထိ ဉာဏ်ရည်နိမ့်ကျသူ။

စစ်တပ်အာဏာသိမ်းပြီး ၅ လခန့်တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ် တတိယလှိုင်းတွင် လူထုကို ကာကွယ်စောင့်ရှောက်မှု မပေးနိုင်ရုံသာမက၊ အစီအစဉ်လွန်စွာ ညံ့ဖျင်းပြီး လူထုအများအပြားကို သေတွင်းပို့ခဲ့သူ။

အာဏာသိမ်းပြီး ၃ လအကြာတွင် အညွန့်တလူလူ တက်ရမည့် လူငယ်လူရွယ်အများအပြား ရရာလက်နက်စွဲကိုင်လျက် မင်းအောင်လှိုင်နှင့် မင်းအောင်လှိုင်တပ်ကို ပြန်တိုက်လာစေသူ။ 

မိသားစုများစွာကို တကွဲတပြားဖြစ်စေပြီး၊ မြို့ပေါ်ရော ကျေးလက်တွင်ပါမကျန် မည်သည့်နေရာတွင်မှ စစ်သည်တော်တို့ လိုက်နာအပ်သည့် ကျင့်ဝတ်များကို တခုပင်မလိုက်နာသည့် မင်းအောင်လှိုင့် စစ်ဗိုလ် စစ်သားများက တပြည်လုံးရှိ ပြည်သူကို ရန်သူသဖွယ် ပက်ပက်စက်စက် လူမဆန်စွာ ချေမှုန်းစေသူ။

မင်းအောင်လှိုင် အာဏာသိမ်းခြင်း တနှစ်ပြည့်လုထု အချိန်တွင် တိုင်းပြည်၏ စီးပွားရေး ချွတ်ခြုံကျလျက် လူသုံးကုန် စားသုံးကုန်အားလုံး မတန်တဆဈေးကြီးခြင်း၊ ရေလာ မီးလာ မမှန်ခြင်း၊ တရားဥပဒေစိုးမိုးမှု မည်သည့်နေရာတွင်မှ မရှိတော့ခြင်းများကြားတွင် ကြားရသူအပေါင်း မယုံနိုင်စရာ စကားကို သင်းက ပြောပြန်သည်။

“လူထုက မင်းအောင်လှိုင်နှင့် အဖွဲ့ကို ဂုဏ်ပြုလိုကြသဖြင့် သူသည် လာမည့်ပြည်ထောင်စုနေ့ ၂၀၂၂ ဖေဖော်ဝါရီ ၁၂ တွင်၊ နေပြည်တော်၌ လူထုနှင့် တပ်ပေါင်းစု၏ ချီတက်အလေးပြုခြင်းကို ခံယူမည်” ဟူ၏။

လူထုကား ၂၀၂၂ ဖေဖာ်ဝါရီ ၁၂ တွင် ပီဒီအက်ဖ်တို့ ပစ်လွှတ်သည့် ဒရုန်းကြောင့်ဖြစ်စေ၊ တပ်တွင်း မကျေနပ်မှုမှတဆင့် တာဝန်ကျေပွန်ပြမည့် စစ်သည်တဦး၏ နောက်ကျောကျည်ဆန်ကြောင့်ဖြစ်စေ ဗိုလ်ရှုသဘင်စင်ပေါ်၌ပင် သင်းခေါင်းပြတ်ပါစေသားဟု သင်းဦးခေါင်းကိုပါ လွယ်အိတ်ထဲ ထည့်ပေးနေကြလေပြီ။ ပြည်သူ့ချဉ်ဖတ်မင်းအောင်လှိုင့် ငရဲပြည်ခရီးကား  လူထုကျိန်စာ ပြည့်နေသည့် လွယ်အိတ် လွယ်လျက်ပါတကား။

အောင်နွေဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013