
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၇ ရက်ည ၁၁ နာရီကျော်လောက်က တောင်ပြိုဘက်ကနေ ဒဏ်ရာရလူနာတွေကို တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တစီး မိုင်းဆွဲခံရပြီး တိုက်ပွဲဖြစ်တာကြောင့် အကျအဆုံးများတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ငန်းချောင်းကျေးရွာဒေသခံတဦးက “မနေ့က ည ၁၁ နာရီခွဲလောက်မှာ တောင်ပြိုဘက်က ဒဏ်ရာရလူနာတွေ တင်ဆောင်ပြီး မောင်တောဘက်ကို ဆင်းလာတဲ့ စစ်ကားမိုင်းဆွဲခံရတာ။ အကျအဆုံးများတယ်လို့ သိရတယ်။ အတိအကျတော့ မပြောတတ်ဘူး။” လို့ ပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ အေအေတပ်တို့အကြား နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ပစ်ခတ်သံတွေကတော့ နာရီဝက်လောက်ကြားလိုက်ရတယ်။ နောက်တော့ရပ်သွားပါတယ်” လို့ ဆိုပါတယ်။
လက်ရှိ မောင်တောမြို့နယ်မြောက်ပိုင်းကို ကားအသွားအလာ ပိတ်ထားပြီး ကျေးရွာတချို့ကို ဝင်ရောက်စစ်ဆေးနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
"ကားတွေ လုံးဝသွားခွင့်မပေးတော့ဘူး။ မောင်တောဘက်ကိုဆင်းလာတဲ့ ကားတွေ လည်းရပ်နေရတယ်။ လုံးဝသွားခွင့်မပေးတော့ဘူး။ ငန်းချောင်းကျေးရွာကိုလည်း ဝင်စစ်နေတယ်သိရတယ်"လို့ ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၄ ရက်ကစတင်ပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ အေအေဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။