DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်အားလုံး စစ်အာဏာရှင်ကို တိုက်ခိုက်ရန် KIO ခေါင်းဆောင် တိုက်တွန်း
DVB
·
February 5, 2022
တိုင်းရင်းသားလက်နက်ကိုင်အားလုံး စစ်အာဏာရှင်ကို တိုက်ခိုက်ရန် KIO ခေါင်းဆောင် တိုက်တွန်း
Donate to DVB

စစ်အာဏာရှင်စနစ်ကို "အကိုင်းအခက် အမြစ်ပါမကျန်" ချေမှုန်းနိုင်ဖို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အားလုံး ပန်းတိုင်တစ်ခုအောက်မှာ အတူတကွ လုပ်ဆောင်ကြဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ 

ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ KIO ရဲ့ ၆၁ နှစ်ပြည့် တော်လှန်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့တာပါ။ 

“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံး ရည်မှန်းထားတဲ့ စစ်အာဏာရှင်စနစ်ကို “အကိုင်းအခက် အမြစ်ပါမကျန်” ချေမှုန်းမယ့် ပန်းတိုင်တစ်ခုအောက်ကနေ တကူတကွ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တစ်နိုင်ငံလုံးတော်လှန်ရေး လုပ်ဆောင်နေချိန်မှာ အားလုံးပါဝင်နိုင်​အောင် ကြိုးစားပေးပါလို့လည်း တိုက်တွန်းချင်ပါတယ်။"

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ နေရာဒေသအသီးသီးက လက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစု အဖွဲ့အစည်းတွေအားလုံး NUG ရဲ့ ဦးဆောင်မှုအောက်ကနေ စုပေါင်းပါဝင်ဖို့လည်း တိုက်တွန်းထားပါတယ်။ 

''အခုချိန်မှာ တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်နဲ့ နေရာဒေသအသီးသီးကနေ ရရာလက်နက်ကို စွဲကိုင်ပြီး အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ တိုက်ပွဲဝင် အဖွဲ့အစည်းအသီးသီးကို မှာကြားချင်ပါတယ်။ အားလုံးဟာ ရဲဘော်ရဲဘက်တွေ ဖြစ်လာပါပြီ။ ဒီအတွက်လည်း အရမ်းကို ဝမ်းသာအားရမိပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းအသီးသီးက နာမည်အမျိုးမျိုးနဲ့ လုပ်ဆောင်နေတာက မဖြစ်သင့်ပါဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်မယ့် အင်အားစု အဖွဲ့အစည်းအားလုံး NUG အစိုးရရဲ့အတူ လက်တွဲဖို့ လိုအပ်ပါတယ်။ ဒါမှ မဟုတ်ရင် ရေရှည်မှာ ပြဿနာတွေ ဖြစ်လာနိုင်တာကို သတိချပ်ဖို့ လိုပါတယ်။'' 

လွန်ခဲ့တဲ့ အစိုးရအဆက်ဆက်က နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီးလည်း ကေအိုင်အို ခေါင်းဆောင်က  မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

''KIO ဟာ ၂၀၁၀ ခုနှစ်တုန်းက တိုင်းရင်းသားလက်နက်ကို အဖွဲ့အစည်း ၁၀ ဖွဲ့ကျော် ဦးဆောင်ပြီး UNFC ဆိုတဲ့ နိုင်ငံရေးအဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ ဖက်ဒရယ်စနစ် ပေါ်ထွန်းလာဖို့ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးနိုင်ခဲ့သလို နိုင်ငံရေးပါတီတွေကလည်း သဘောပေါက်ခဲ့ကြပါတယ်။ UNFC အနေနဲ့ ၂၁ ရာစု ပင်လုံးအစည်းအဝေးတက်ခဲ့သလို အဲ့ဒီအစည်းအဝေးမှာလည်း ပင်လုံ ကတိကဝတ်ကိုအခြေခံတဲ့  ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ထောင်ဖို့ တောင်းဆိုတိုက်တွန်းခဲ့ပေမယ့်၏ ပင်လုံစာချုပ်ဟာ ပြည့်စုံမှုမရှိဘဲ အားလုံးပါဝင်မှုမရှိတဲ့ အပြင် အနှစ်သာရမပြည့်စုံလို့ အသုံးမဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်။ တိုင်းရင်းသားတွေ ကိုယ်ဘာတောင်းဆိုရမလဲဆိုတာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာ စဉ်းစားပါလို့ အာဏာရှင်ဆန်ဆန် ချိုးနှိမ်ပြောဆိုခံခဲ့ရတယ်။ အပစ်အခတ်ရပ်စဲမှုကို ၃-၄ ကြိမ် တရားဝင်တွေ့ဆုံခဲ့ကြပေမဲ့ လက်နက်ချရေးကိုပဲ အဓိကပြောဆိုနေခဲ့ကြပြီး နိုင်ငံရေးဆွေးနွေးမှုကို လက်မခံခဲ့သလို ဖက်ဒရယ်စနစ်က ခွဲထွက်ရေးစနစ်ဖြစ်တယ်လို့ အကြောက်အကန် ငြင်းဆန်ခဲ့ကြတယ်။ ဒီလိုနဲ့ ၂၁ ရာစုပင်လုံညီလာခံကလည်း ၂-၃ကြိမ် ကျင်းပခဲ့ပေမဲ့ တိုင်းရင်းသားလက်နက်ကို အဖွဲ့တွေရဲ့ တင်ပြချက်တွေကို လုံးဝလက်မခံဘဲ လူမျိုးကြီးဝါဒ စွဲကိုင်ထားတဲ့ အစိုးရနဲ့ စစ်တပ်ရဲ့ တင်ပြချက်တွေကိုပဲ ဆွေးနွေးခဲ့ကြတဲ့အတွက် ၂၁ ရာစု ပင်လုံအစည်းအဝေးဟာ နောက်ဆုံး အကြပ်အတည်းတွေနဲ့ ရပ်တန့်ခဲ့ရတယ်" လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် စစ်ရှောင်တွေ များလာမှာဖြစ်သလို ရေရှည်မှာ ပိုပြီးခက်ခဲလာမှာဖြစ်လို့ စစ်ကောင်စီ မျှော်လင့်နေတဲ့ ပြည်သူတွေ မတောင့်ခံနိုင်ဘဲ တော်လှန်ရေးတွေ ပျောက်ကွယ်သွားတာ မဖြစ်အောင် စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်ဖို့ လိုအပ်တယ်လို့  မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်  နွေဦးတော်လှန်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဆင်နွှဲနေရာမှာ  ကေအိုင်အေ/ ကေအိုင်အိုတပ်တွေကလည်း ပူးပေါင်းပါဝင် တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013