
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO အနေနဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလက်တွဲပြီး ခိုင်မာတဲ့ပြည်ထောင်စုဖြစ်ပေါ်လာဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းနေပေမဲ့ စစ်အာဏာရှင်က ဖျက်လိုဖျက်ဆီးလုပ်နေတယ်လို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
KIO တည်ထောင်တာ ၆၆ နှစ်ပြည့် ဒီကနေ့မိန့်ခွန်းမှာပြောတာဖြစ်ပြီး စစ်အုပ်စုက ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာနဲ့ ပြည်သူလူထု တိုးတက်ဖွံ့ဖြိုးလာမှာကို မလိုလားတာကြောင့် ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
“စစ်အုပ်စုဟာ ခိုင်မာတဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာနဲ့ ပြည်သူလူထု တိုးတက်ဖွံ့ဖြိုးလာမှာကို မလိုလားတာကြောင့် မြို့ရွာတွေ၊ ပြည်သူလူထုနေအိမ်တွေ၊ သက်မွေးလုပ်ကိုင်စားသောက်တဲ့နေရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီး လက်နက်ငယ်အစုံနဲ့ နေ့တိုင်းပစ်ခတ်နေတယ်။ အဲဒီလိုပစ်ခတ်တာကြောင့် တတိုင်းပြည်လုံးက ပြည်သူတွေ အများအပြားထိခိုက်သေဆုံး ဒုက္ခရောက်နေကြရတယ်ဆိုတာ တွေးလိုက်တိုင်း စိတ်ထဲမှာ နာကျင်ခံစားရပါတယ်။”
စစ်အုပ်စုက မူးယစ်ဆေးဝါးကို လက်နက်တခုလိုအသုံးချပြီး လူမျိုးတုန်းရေးစနစ်တခုလို ကိုင်စွဲလာတာကြောင့် ပြည်သူတွေကြားစိတ်ဝမ်းကွဲတာ၊ မငြိမ်းချမ်းတာနဲ့ ဆုံးရှုံးနစ်နာတာတွ ရှိလာတာကြောင့် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်တခုလို့ သတ်မှတ်ပြီး ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အချိန်အကြာကြီး အတူယှဉ်တွဲနေထိုင်လာခဲ့တဲ့ ရှမ်းလူမျိုးနဲ့ ကချင်လူမျိုးတို့အကြား သွေးထိုးစိတ်ဝမ်းကွဲစေပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ စိတ်ဝမ်းကွဲစေတဲ့ လုပ်ရပ်တွေက ပိုဆိုးလာတယ်လို့လည်း ပြောပါတယ်။
ရှမ်းနီအမျိုးသားတပ်မတော် (SNA) ဆိုတဲ့ နာမည်ကို စွဲကိုင်ပြီး တိုက်ပွဲတွေဖြစ်ပွားလာတာက စစ်အုပ်စုရဲ့ လုပ်ရပ် သက်သေဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ပြည်ကိုယ့်မြေမှာ နေလာခဲ့ရာကနေ ပြည်ထောင်စုအနေနဲ့ စုပေါင်းနေထိုင်ဖို့ ရှမ်း၊ ကချင်၊ ချင်းနဲ့ ဗမာလူမျိုးတွေရဲ့ ဦးဆောင်သူတွေက လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံကတိကဝတ်ဟာ အရေးကြီးတဲ့သက်သေတခုဖြစ်ပြီး ပင်လုံကတိကဝတ် ဖြစ်ပေါ်လာဖို့အတွက် ရှမ်းနဲ့ ကချင်လူမျိုးတွေထဲက ဦးဆောင်သူတွေရဲ့ ကြိုးပမ်းမှုတွေဟာ သမိုင်းမှာမေ့ထားလို့မရတဲ့ အဖြစ်အပျက်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
“ချစ်သောပြည်သူတို့၊ ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားနေရပေမဲ့ စိတ်ဓာတ်မကျဘဲ အချင်းချင်းကူညီရိုင်းပင်း အားပေးပြီးနေကြပါ။ အားလုံးမျှော်မှန်းထားတဲ့ စစ်အာဏာရှင်တွန်းလှန်ပြီး အောင်ပွဲယူကာ နိုင်ငံရေးပန်းတိုင်ရောက်အောင် အားစိုက် လက်တွဲကြိုးစားသွားကြရအောင်”
ရှေ့တန်းတိုက်ပွဲမှာ နေ့မနားညမနား ကြိုးစားတိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေရဲ့ ကြိုးစားပေးဆပ်မှုတွေကို အလေးပြုသလို စစ်အာဏာရှင်စနစ် အမြစ်ပြတ် ဖြတ်တောက်နိုင်အောင် အားမလျှော့ဘဲ ဆက်လက်ကြိုးစားနေဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဗမာလူမျိုးကြီးဝါဒကိုစွဲကိုင်ပြီး ဖိနှိပ်အုပ်ချုပ်လာတာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့မရတော့တာကြောင့် ၁၉၆၀ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့မှာ လက်နက်ကိုင်တော်လှန်ရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ကို စတင် တည်ထောင်လာခဲ့တာလို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။











