DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားတိုင်း စစ်မှုထမ်းရန် တာဝန်ရှိဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
DVB
·
February 3, 2022
နိုင်ငံသားတိုင်း စစ်မှုထမ်းရန် တာဝန်ရှိဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
Donate to DVB

နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့တာဝန်ရှိတဲ့အကြောင်းနဲ့ အမျိုးသားစစ်မှုထမ်းဥပဒေအရ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည် စစ်မှုထမ်းရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ 

ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ကျင်းပတဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောာင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကား ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

“ဒီနှစ် ၂၀၂၂ ခုနှစ်ဟာ ကျွန်တော်တို့ အတွက်လည်း စိန်ခေါ်တဲ့နှစ်တစ်နှစ်လည်း ဖြစ်လာနေပြီ။ ဘာလို့ဆိုတော့ ဒီစီးပွားရေးကိုပြန်ပြီးတော့ မတ်လာအောင်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့အပေါ်မှာ ပြည်သူက ယုံကြည်မှုရှိလာမယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက် ၃ ခုရှိပါတယ်။ တစ်အချက်ကတော့ တိုင်းပြည်စီးပွားရေးကို ကျွန်တော် ရအောင်ဆွဲ တင်မယ်ပြောထားတယ်။ ပြီးခဲ့တဲ့နှစ်အတွေ့အကြုံအရ ကျွန်တော်တို့ မလုပ်နိုင်စရာ အကြောင်းမရှိဘူး။ ၂၀၂၂ ခုနှစ်မှာ စီးပွားရေးအားကောင်းအောင် ကျွန်တော်တို့ တိုးတက်အောင် လုပ်မယ်။ ပြီးရင် ဒုတိယကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ ရှေ့လုပ်ငန်းစဉ်မှာဖော်ပြထားတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ရတဲ့ လမ်းကြောင်းတွေမှာ ကျွန်တော်တို့ အကုန်လုပ်မှာ။ အဲ့ဒီနှစ်ခု နိုင်ငံရေးကလည်း ကောင်းနေတယ်။ စီးပွားရေးကလည်း အားကောင်းလာပြီဆိုရင် ဒီဘက်က နိုင်ငံတော်ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ကို နောင်ကျွန်တော်တို့သွားရမယ်။”လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားစစ်မှုထမ်းဥပဒေ အရ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့တာဝန်ရှိတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောဆိုသွားပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရဥပဒေလို့လူသိများတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို  နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက်  ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အခုအထိ အကောင်အထည်ဖော်နိုင်ခြင်းတော့ မရှိသေးပါဘူး။ 

ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျွန်တော်တို့ ဥပမာ ကျွန်တော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်းဥပဒေ မကျင့်သုံး ရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်း ဥပဒေ ကျွန်တော်တို့မကျင့်သုံးရတာ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေရှိလို့ ကျွန်တော်တို့လုပ်လို့မရဘူး။ ခုနကပြောတဲ့ တစ်ရယ်၊ နှစ်ရယ် ကျွန်တော်တို့က ကောင်းကောင်းထိန်းနိုင်ပြီ၊ လုပ်နိုင်ပြီဆိုလို့၊ လက်ထဲမှာပိုင်ပိုင် နိုင်နိုင်ရှိပြီဆိုလို့ရှိရင် တတိယဖြစ်တဲ့ ကာကွယ်ရေးစွမ်းပကားတွေကို ရအောင် ကျွန်တော်တို့က မြှင့်တင်ရမယ်။ အဲ့ဒီမှာ အမျိုးသားစစ်မှုထမ်းဥပဒေအရ နိုင်ငံသားတွေစစ်မှုထမ်းရမယ်။ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထားတဲ့ဟာအတိုင်း ကျွန်တော်တို့ စစ်မှုထမ်းရမယ်။ တစ်နှစ်လည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ၊ တစ်နှစ်ခွဲလည်းဖြစ်ရင် ဖြစ်မှာပေါ့။ အခြေအနေပေါ် မူတည်ပြီးတော့ တိုင်းပြည်ရဲ့အခြေအနေပေါ် မူတည်ပြီးတော့လုပ်ရမှာပေါ့။ ဒါကလုပ်ရမှာ၊ မလုပ်လို့မရဘူး။ ကာကွယ်ရေး စွမ်းအားမကောင်းတော့ ကျွန်တော်တို့ခံသွားရမှာပေါ့။ သူများက ဖင်ပုတ်၊ ခေါင်းပုတ် လာလုပ်သွားမှာပေါ့။ စီးပွားရေးအား မကောင်းလည်း ပိုက်ဆံမရှိတော့ မျက်နှာငယ် ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့အခါကျတော့ သူများတွေ ကျွန်တော်တို့ကို မျိုးစုံ ပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မယ်။ ကျွန်တော်တို့တွေ စော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာ မဟုတ်ဘူး။ ဒီ ၃ ခုက ကျွန်တော်တို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့က ဒီနှစ်မှာ တတ်နိုင်သလောက် ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။”  လို့ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေးအခြေအနေတွေ အထိုက်အလျောက်သာ  တိုးတက်မှုရရှိခဲ့တယ်လို့ လည်း စစ်ခေါင်းဆောင်ကပြောသွားပါတယ်။

စစ်ခေါင်းဆောင်က  တိုးတက်မှုရှိတယ်လို့ပြောနေပေမဲ့ တကယ့်လက်တွေ့မှာတော့ စစ်အာဏာ သိမ်းပြီးနောက် တနှစ်အတွင်းမြန်မာနိုင်ငံမှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအပါအဝင် အဘက်ဘက်က ယိုယွင်းပျက်စီးသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း (ဂျီဒီပီ)ဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ကပ်ဘေးရှိတဲ့ကြားက ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာတော့  အနှုတ် ၁၈ ရာခိုင်နှုန်းထိ အဆိုးဆုံးခြေအနေရောက်ရှိခဲ့တယ်လို့  ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ သိရပါတယ်။

ငွေကြေးဖောင်းပွမှုကလည်း ၂၀၂၀ ပြည့်နှစ်ကုန်မှာ  ၅ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာက၊ ၂၀၂၁ မှာ ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်မှာ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၇ ရာခိုင်နှုန်းရောက်ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013