DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်ထုတ်ပြန်မှုနှင့် စစ်အာဏာရှင်၏ နောက်ကွယ်က ရည်ရွယ်ချက်
ဝေဝေ
·
October 21, 2026
Photo: Daw Khaing Khaing Soe
Photo: Daw Khaing Khaing Soe
Donate to DVB

စစ်အာဏာရှင် အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေကို အချိန်အခါအလိုက် ထုတ်ပြန်ခဲ့ပြီး အဲဒီလိုထုတ်ပြမှုတွေဟာ သူ့ရဲ့ ကျန်းမာရေးနဲ့ လက်ရှိ အခြေအနေကို အပြည့်အဝ သိရှိနိုင်ဖို့ လုံလောက်မှုမရှိသလို နိုင်ငံရေးရည်ရွယ်ချက်တွေလည်း ရှိနိုင်တယ်လို့ နိုင်ငံရေးအသိုက်အဝန်းနဲ့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တွေကို လူသိရှင်ကြား ထုတ်ပြခဲ့တဲ့ ဖြစ်ရပ်က ၅ ခုရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်နဲ့ ပြည်သူတွေ တောင်းဆိုနေတဲ့ကြားက မိခင်နဲ့ သားဖြစ်သူတို့ အတူတွေ့ဆုံစကားပြောခွင့်နဲ့ စာတိုပေးပို့ခွင့်တို့ကိုတော့ ကန့်သတ်ထားပြီး အချိန်အခါနဲ့လိုက်ပြီး ဓာတ်ပုံတချို့ကိုသာ ထုတ်ပြန်တာဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိတာ ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက သုံးသပ်ပါတယ်။

“ဒီမိုကရေစီနိုင်ငံမှာဆိုလို့ရှိရင် လူထုချစ်ခင်မှု အများဆုံးရရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာမှာ ပြဖို့အတွက်ကို သင့်တော်တဲ့အချိန်မျိုးကို သူတို့ရွေးချယ်ပြီးတော့ ဒါတွေကို လုပ်ဆောင်နေတယ်လို့ ကျမက ယူဆပါတယ်။ အကျဉ်းထောင်လက်စွဲဥပဒေနဲ့အညီ အခွင့်အရေးတွေ ပေးဖို့လိုပါတယ်။ မိသားစုနဲ့ တွေ့ဆုံခွင့်၊ ပစ္စည်းများ ပေးပို့ခွင့် စသဖြင့်ပေါ့နော်၊ ဒီလိုအခွင့်အရေးတွေလည်း ရရှိဖို့လိုပါတယ်။ အခုကျတော့ မိသားစုအရင်းအချာနဲ့လည်း လုံးဝတွေ့ခွင့်မပေး၊ ဆက်သွယ်လည်း မရနိုင်တဲ့ အခြေအနေမျိုးမှာ ဆိုလို့ရှိရင် ဓာတ်ပုံလေးတပုံလောက်ကို ရက်တွေကြာတော့မှ တခါတခါ ဖော်ပြတယ် ဆိုတာက ဘယ်လိုမှ မသင့်တော်တဲ့ကိစ္စ ဖြစ်တယ်။ နောက်ထပ် သူတို့ပြောပြတဲ့ နောက်ခံ ဇာတ်လမ်းတွေကိုလည်း ယုံကြည်နိုင်ခြင်း မရှိပါဘူးရှင့်။ ကျမကတော့ အဲဒါက သူတို့ အမှတ်တမဲ့ လုပ်တယ်လို့တော့ မထင်ဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ ထင်တယ်။ သူတို့ရဲ့လက်ထဲမှာ ရှိနေတဲ့သူတွေကို သူတို့စိတ်ကြိုက် စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့အပြင်ကို နာမည်ကိုလည်း ခေါ်ချင်သလို ခေါ်မယ်ဆိုတဲ့ဟာက ဒါက လူထုကိုလည်း စော်ကားတာလို့ ကျမကတော့ ယူဆပါတယ်။”

ဒါ့အပြင် အောက်တိုဘာ ၁၉ ရက် ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့  စစ်အာဏာရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ တယ်လီဂရမ်ရဲ့ ထုတ်ပြန်ချက်မှာဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကနဦး ဖော်ပြရာမှာ “အထူးအကျဉ်းသူ ဒေါ်စုကြည်” လို့ သုံးနှုန်းထားပြီး နောက်ပိုင်းမှာတော့ အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်လို့ ပြောင်းလဲခဲ့ပါတယ်။

ဒါတွေမှာလည်း ရည်ရွယ်ချက် ရှိနိုင်ကြောင်းနဲ့ အခုလို ပုံတပုံချင်းစီ ထုတ်ဖော်ပြသနေတာဟာ လူ့အခွင့်အရေး အပြည့်အဝ ရရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ကြောင်းကို လူ့အခွင့်အရေးရှေ့နေ တယောက်ကလည်း မှတ်ချက်ပြုပါတယ်။

“ဥပဒေမှာ အထူးဆိုတာမျိုးက ရှိမနေဘူး။ သူတို့ အသုံးအနှုန်း လွဲတာကြောင့်လည်း ဖြစ်နိုင်သလို တခုခုကို ကွန့်ပြီးတော့ ပြောတာလား၊ ဒါမှမဟုတ်လို့ရှိရင် တမင်တကာ လူအာရုံစိုက်စေမဲ့ စကားလုံးမျိုးကို သုံးသွားတာလား ဆိုတာတော့ စဉ်းစားစရာပဲပေါ့နော်။ သူ့ကို နိုင်ငံတော်အနေနဲ့ သမ္မတအနေနဲ့ ဆန္ဒထောက်ထားမှုအရ ခွင့်ပြုထားပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အထူးချွင်းချက်လို့ သုံးတာလည်း ဖြစ်နိုင်တယ်။ ဒီလိုသုံးလိုက်လို့လည်း ဘယ်လိုမျိုးပုံစံထဲမှ လုပ်ပိုင်ခွင့်နဲ့ ညီပါတယ်လို့ ပြောလို့မရဘူး။ တဖက်က ဗြိတိန်သံရုံးကနေပြီးတော့ ပို့ပေးတာ ဖြစ်တဲ့အတွက်ကို ဒီလိုပို့ပါတယ် ဆိုတာကို သံရုံးနဲ့ နိုင်ငံတကာကို အသိပေးတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တယ်။ နောက်တမျိုးကကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ လက်ရှိအခြေအနေမှာ သူတို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို အခွင့်အရေး အပြည့်အဝ ပေးထားပါတယ်ဆိုတဲ့ ပုံစံမျိုးကို နိုင်ငံတကာကို အသိပေးချင်တာလည်း ဖြစ်နိုင်တယ်ပေါ့နော်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းနဲ့ ဓာတ်ပုံတွေကိုတော့ ၂၀၂၁ ခုနှစ် မေ ၂၄ ရက် တရားခွင်တက်ရောက်မှုကို စစ်တပ်ပိုင်ဝါဒဖြန့် သတင်းချန်နယ်ကနေ ထုတ်လွှင့်ခဲ့ပြီးတော့ ၂၀၂၅ ခုနှစ်မှာ The Guardian သတင်းစာက ဖော်ထုတ်ခဲ့တဲ့ “၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်က တရားခွင် CCTV ပုံရိပ်တွေ”၊ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက် နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ကြောင်း ကြေညာချိန်မှာ စစ်တပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်က ပုံတွေနဲ့ ဩဂုတ် ၃ ရက် ICRC ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုနဲ့ မွေးနေ့ကိတ်ပုံတွေ ထုတ်ပြမှုတွေ ရှိခဲ့ပြီး အခုနောက်ဆုံး အောက်တိုဘာ ၁၉ ရက် ဗြိတိန်ဘုရင် ချားလ်စ် ပေးပို့တဲ့ စာအုပ်တွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ ထုတ်ပြမှုတို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013