DVB Logo
Home
Lead Story
ပြည်သူ့တရားစီရင်ခန်းများနဲ့ ပေါ်ထွန်းလာမယ့် စစ်မိစ္ဆာဖြတ်ထုံးသစ်များ
DVB
·
January 30, 2022
ပြည်သူ့တရားစီရင်ခန်းများနဲ့ ပေါ်ထွန်းလာမယ့် စစ်မိစ္ဆာဖြတ်ထုံးသစ်များ
Donate to DVB

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာမှာ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြီး “ပြည်သူ့တရားစီရင်ခန်း” စာတန်းကိုင်လို့ အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြတဲ့သတင်းကို ဖတ်ခဲ့မိတာကြောင့် ဒီဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။ 

အဲဒီစာတန်းဟာ မျက်မှောက်ခေတ် ပကတိအဖြစ်အပျက်များနဲ့ အလွန်ဆီလျော်ကိုက်ညီပြီး မဝေးတော့တဲ့ ကာလတခုမှာ ပြည်သူတွေက ပုံဖေါ်လာမယ့် နိမိတ်ပုံကို ညွှန်ပြနေတဲ့ စာတန်းပိုစတာ ဖြစ်ပါတယ်။

နောက်တခါ Kachin Gender Star Group ကစီစဉ်တဲ့ “ပျောက်ဆုံးနေသော တရားမျှတမှု” သုံးသပ်ဆွေးနွေးခြင်း အစီအစဉ်ကိုလည်း ဇန်နဝါရီ ၁၉ ရက်နေ့ ဒီဗွီဘီသတင်းမှာ ဖတ်ခဲ့ရပါတယ်။ 

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် မနက် ၁ နာရီခန့်တွင် (ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ အရှေ့ဘက်မိုင် ၂၀ ခန့်အကွာ ကောင်းခါးကျေးရွှာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်(KBC) မှ စေလွှတ်လိုက်တဲ့ စေတနာ့ဝန်ထမ်းဆရာမ မရန်လုရာ (၂၀-နှစ်)နှင့် ဆရာမ တန်ဘောင်ခေါန်နန်စင် (၂၁-နှစ်)တို့ဟာ ရက်စက်စွာ မုဒိမ်းကျင့် သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီအမှုကို KBC မှ တာဝန်ယူကာ အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်ခဲ့တာ ၇ နှစ်ရှိနေပြီဖြစ်‌ပေမဲ့လည်း ဒီကနေ့ထိတိုင် တရားမျှတမှုကို မရရှိသေးသလို ဘယ်တော့မှ‌ မေ့လို့မရသောနေ့အဖြစ် ကချင်ပြည်သူတွေရဲ့ နှလုံးသားမှာ နာကြည်းစွာ ထင်ကျန်နေဆဲ ဖြစ်ပါတယ်။ 

ပြစ်မှုကျူးလွန်သူတွေသာမက ပြစ်မှုကျူးလွန်သူတွေအပေါ် ထိရောက်တဲ့ အရေးယူမှု မရရှိအောင် ဖုံးအုပ်၊ ကာကွယ်ပေးကြသူ‌တွေကိုပါ ပြစ်ဒဏ်ကင်းလွတ်ခွင့်မပေးဘဲ ဘယ်လိုအရေးယူပြီး “ပျောက်ဆုံးနေသော တရားမျှတမှု” ရရှိအောင် လုပ်ဆောင်ကြဖို့ကို ရည်ရွယ်၍ သုံးသပ်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

တကယ်တော့ ၁၉၈၈ ခုနှစ်က စရေတွက်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားပြည်သူလူထုကို လက်နက်နဲ့ အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်မိစ္ဆာကောင်စီ လက်ပါးစေတပ်တွေဟာ ယုတ်ညံ့နိမ့်ကျစွာ မြန်မာနိုင်ငံသားတွေအပေါ် အောက်ပါ ကြောက်မက်ဖွယ်ရာဇဝတ်မှု အမျိုးအစား‌တွေကို ရက်စက်ကြမ်းကြုတ်စွာ ကျုးလွန်ခဲ့ကြတာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပါပြီ။

၁) လူမျိုးတုံး သတ်ဖြတ်မှု (Genocide)

၂) လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity)

၃) စစ်ရာဇဝတ်မှု (War Crime).

ဒါကြောင့် မြန်မာနိုင်ငံတွင်း စစ်တပ်က ကျူးလွန်ခဲ့သော အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေ၊ သက်သေအထောက်အထားတွေ စုဆောင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား Independent Investigative Mechanism for Myanmar (IIMM) ကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက (၂၀၁၈) ခုနှစ် စက်တင်ဘာလတွင် တည်ထောင်ခဲ့ပါတယ်။

နိုင်ငံတွင်း၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ခုံရုံး‌တွေမှာ အဲဒီရာဇဝတ်‌တွေအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်‌တွေကို တာဝန်ခံစေနိုင်မယ့် ရာဇဝတ်မှုတရားစီရင်ချက်တွေ လွယ်ကူချောမွတ်စေရာမှာ အထောက်အကူပြုနိုင်မယ့် အမှုတွဲ‌တွေကို ပြင်ဆင်ဖို့ရန်လည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကို ဆက်လက်လုပ်ပိုင်ခွင့် ပေးအပ်ခဲ့ပါတယ်။

ဖက်ဆစ်ထက်ဆိုးတဲ့ စစ်မိစ္ဆာတပ်ရဲ့ စိတ်ထင်သလို ဖမ်းဆီးထောင်ချခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အစဖျောက်ခြင်းနှင့် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့အား သေစေလောက်တဲ့ နည်းလမ်းများအပါအဝင်၊ အင်အားသုံးကာ ဖြိုခွဲခြင်းနဲ့ သက်ဆိုင်တဲ့ အထောက်အထား‌တွေကို စုဆောင်းလျက် ရှိပါတယ်။

အချက်အလက်ပေးပို့သူတွေ လုံလုံခြုံခြုံဆောင်ရွက်နိုင်ဖို့နဲ့ သတိဝီရိယကြီးမားစွာဖြင့် လုပ်ကိုင်ဖို့လည်း အားပေးထားပါတယ်။ အောက်မှာ‌ဖော်ပြထားတဲ့ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးလိုင်းတွေကို အသုံးပြုရန် ယန္တရားက အကြံပြုထားပါတယ်။ ဆစ်ဂနယ်‌ (Signal) အပ် (app)ကို ဒေါင်းလုတ်လုပ်ပြီး၊ ယန္တရားထံကို ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂၀၈ ကို မက်ဆေ့ခ်ျပို့ခြင်း ဒါမှမဟုတ် ပရိုတွန်မေး (Protonmail) ကို အသုံးပြုပြီး [email protected] ဆီကို အီးမေးပို့ခြင်းနဲ့ ဆက်သွယ်နိုင်ပါတယ်။

ပြည်သူတွေရဲ့ လုံခြုံရေးဟာ အရေးအကြီးဆုံးရာဖြစ်တာမို့ ဘယ်အချိန်မဆို အချက်အလက်မျှဝေဖို့ လုံခြုံမှုမရှိဘူးလို့ ယူဆခဲ့ရင်၊ မျှဝေခြင်းမလုပ်သေးဘဲ၊ လုံခြုံစိတ်ချရတဲ့အချိန်မှသာ ဆက်သွယ်ဖို့လည်း ပန်ကြားထားပါတယ်။

၂၀၂၁ ဇူလိုင်လ ၄၈ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်သွင်းခဲ့တဲ့ IIMM ရဲ့ အစီရင်ခံစာမှာ အချက်အလက်ပေါင်း ၁ ဒသမ ၃ သန်းကို စုဆောင်းထားရှိပြီး ၂၀၂၁ ဇန်နဝါရီ ၁ ရက်နေ့နောက်ပိုင်း အချက်အလက်ပေါင်း ၉ သိန်းကျော်ကို စုစည်း စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၃ ရက်နေ့ လူ့အခွင့်အရေးကောင်စီ ညီလာခံရှေ့မှောက်မှာ IIMM ရဲ့ အကြီးအကဲ Mr. Nicholas Koumjian ကိုယ်တိုင် အစီရင်ခံရာမှာ “မြန်မာစစ်တပ်ဟာ အလွန်ကြီးလေးသော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်ပြီး နိုင်ငံတကာဥပဒေများကို ချိုးဖောက်လျက်ရှိတယ်။ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လက်နက်မဲ့ ပြည်သူများအပေါ် ရာဇဝတ်မှုကျူးလွန်မှု အချက်အလက်ပေါင်း ၂၁၉,၀၀၀ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ အစောပိုင်း လေ့လာစိစစ် ခွဲခြားစိတ်ဖြာမှုများအရ အဲဒီရာဇဝတ်မှု‌တွေကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ထားတာဖြစ်တယ်” လို့ ဆိုပါတယ်။

IIMM က စုဆောင်းရရှိထားတဲ့ သက်သေအထောက်အထားတွေမှာ စာရွက်စာတမ်း‌တွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ကောင်းကင်မှရိုက်ယူထားတဲ့ မြေပြင်ပုံရိပ်တွေ၊ မျက်မြင်သက်သေတို့ရဲ့ ပြောဆိုချက်တွေ၊ ရင်းမြစ်အသီးသီးက ထုတ်ပြန်ထားတဲ့ အထောက်အထားတွေ ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာ အာဏာလုစစ်အခွင့်ထူးခံတသိုက်နဲ့ လက်ပါးစေတွေကို မြန်မာပြည်သူတရပ်လုံးက နှိမ်နင်းပြီးတာနဲ့ ပြည်သူ့ခုံရုံးဖွဲ့ပြီး ကျူးလွန်ခဲ့ကြသူတွေ အားပေး ထောက်ခံခဲ့ကြသူတွေကို အထက်ကရာဇဝတ်မှုတွေအတွက် ကမ္ဘာ့သမိုင်းမှာ ပထမဆုံးအဖြစ် ပြည်သူ့တရားစီရင်ခန်းမှာ ဖက်ဆစ်စစ်တပ်တတပ်လုံးကို ခုံရုံးတင်ပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ထိုက်တန်တဲ့ အပြစ်အသီးသီးပေးကြမှာ ဖြစ်ပါတယ်။

မြန်မာဘုရင်ခေတ် တရားစီရင်ရေးမှာ အောက်ပါ ဥပဒေအရင်းအမြစ်တွေကို ကျင့်သုံးခဲ့ပါတယ်။

(က) ရာဇသတ်တွေ (ဘုရင်ရဲ့ အမိန့်ကြေညာချက်တွေနဲ့ ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေ) 

(ခ) ဓမ္မသတ်တွေ (လူပညာရှိ၊ ရဟန်းပညာရှိ‌တွေ စီရင်ရေးသားခဲ့တဲ့ ဥပဒေကျမ်းတွေ)

(ဂ) ဖြတ်ထုံးတွေ (ဘုရင်၊ လွှတ်တော်ရုံးတော်‌တွေက စီရင်ခဲ့တဲ့ စီရင်ထုံးတွေ)

ဥပဒေဆိုတာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေပြုပြီး ရေးဆွဲထားတဲ့ စည်းမျဉ်းစနစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး တို့ကိုလည်း နည်းအမျိုးမျိုးနဲ့ ဖော်ဆောင်ကာကွယ်‌ပေးပါတယ်။ လူအချင်းချင်း ဆက်ဆံရေးအတွက်မှာလည်း ကြားခံညှိနှိုင်းရေးစနစ်တရပ်အဖြစ် ဆောင်ရွက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြဋ္ဌာန်း၊ ရုပ်သိမ်း၊ တည်ဆဲဥပဒေများ စာရင်းချုပ်အရ ခေတ်ကာလအလိုက် မူရင်း ဥပဒေ ၅၀၀ ကျော် ရှိပြီး အဲဒီမူရင်းဥပဒေ‌တွေအနက် ဆက်ပြီးကျင့်သုံးရန် မလိုတဲ့ တည်ဆဲဥပဒေ ၁၇၀ ကျော်ရှိကြောင်းနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဝန်ကြီးဌာနတွေက စီမံခန့်ခွဲဆောင်ရွက်ရမယ့် ဥပဒေ ၄၀၀ ဝန်းကျင် ရှိကြောင်း သိရပါတယ်။

ဒါပေမဲ့ ပြည်သူက လက်မခံတဲ့ ကာချုပ်မင်းအောင်လှိုင်နဲ့ နောက်လိုက်လက်ပါးစေတွေဟာ သူတို့ စစ်အာာရူးတသိုက်ရဲ့ အခွင့်ထူးခံအာဏာရှင်စနစ် တည်မြဲရေးအတွက် ကောက်ကျစ်စွာနဲ့ စစ်‌သွေးလောင်းပြီး ရေးဆွဲခဲ့တဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို သူတို့ကိုယ်တိုင်ဖောက်ဖျက်ပြီး အာဏာသိမ်းယူခဲ့ရာမှာ လူမဆန်တဲ့ ယုတ်မာရက်စက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် စီရင်ထုံးအသစ်၊ ဖြတ်ထုံးအသစ်တွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှု၊ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်ခဲ့ကြသူတွေ၊ အပြစ်ရှိနေသူတွေကို အပြစ်မပေးဘဲ ကင်းလွတ်ထားစေတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်စေဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှု‌တွေ ရပ်စဲစေဖို့၊ ထပ်မံမဖြစ်ပွားစေအောင် ကာကွယ်ရေး၊ ပြစ်မှုကျူးလွန်သူ‌တွေကို တာဝန်ယူ တာဝန်ခံမှု ရှိရေးအတွက် တကမ္ဘာလုံးက ဝိုင်းဝန်းဆန့်ကျင်ပြီး နိုင်ငံတကာ စစ်ရာဇဝတ်တရားရုံးတွေသာမက၊ ပြည်တွင်းမှာပါ ပြည်သူတွေရဲ့ တရားစီရင်ခန်းတွေ မကြာခင်ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာစစ်ပွဲတွေမှာတောင် ဂျီနီ‌ဗာကွန်ဖရင့် (Geneva Convention) သဘောတူညီချက်ဖြစ်တဲ့ ဒဏ်ရာရသူတွေကို ကယ်ဆယ်ကုသတဲ့ ကြက်ခြေနီသူနာပြုတွေ လူနာတင်ယဉ်တွေကို မတိုက်ခိုက် မပစ်ခတ်ရဘူးဆိုတာကို လိုက်နာကြရတယ်။ မချိုးဖောက်ကြဘူး။ အခု အာဏာလုစစ်မိစ္ဆာ မင်းအောင်လှိုင်တို့ အာဏာသိမ်းတပ်ဟာ ဂျီနီ‌ဗာကွန်ဖရင့် သဘောတူညီချက်တင်မက ရှိရှိသမျှ လူသားမျိုးနွယ်အားလုံး လေးစားလိုက်နာရတဲ့ ကျင့်ဝတ်စံတွေကို ရက်စက်ကြမ်းကြုတ်စွာ ချိုးဖောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်နက်မဲ့ပြည်သူတွေကို လက်နက်အားကိုးနဲ့ သတ်ဖြတ်အနိုင်ကျင့်နေတဲ့ မြန်မာစစ်မိစ္ဆာ ဓားပြတွေကို ဆုံးမစီရင်အပြစ်‌ပေးဖို့ ပြည်သူတွေရဲ့ တရားစီရင်ခန်းတွေနဲ့အတူ စစ်မိစ္ဆာဖြတ်ထုံးသစ်တွေလည်း ပေါ်ပေါက်လာမှာ မလွဲဧကန်မုချဖြစ်သလို၊ မျက်ကန်းတစ္ဆေ မကြောက်၊ ပြည်သူအပေါ် စော်ကားဗိုလ်ကျ ကျူးလွန်နေသူတွေအတွက် နေဝင်ချိန်ဟာ အလွန်မှ နီးကပ်လာပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013