DVB Logo
Home
မြန်မာသတင်း
ကသာနှင့် စစ်ကိုင်းတွင် CDM ယာဉ်ထိန်းရဲအပါအဝင် ပြည်သူအချို့၏နေအိမ်များ ချိပ်ပိတ်ခံရ
DVB
·
January 30, 2022
ကသာနှင့် စစ်ကိုင်းတွင် CDM ယာဉ်ထိန်းရဲအပါအဝင် ပြည်သူအချို့၏နေအိမ်များ ချိပ်ပိတ်ခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းက အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က  PDF၊ CRPH တို့နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လိုက်လံချိပ်ပိတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချိပ်ပိတ်ခံရသူတွေဟာ  PDF၊ CRPH တို့နဲ့ ဆက်နွှယ်မှုမရှိသလို စစ်တပ်အငြိမ်းစားမိသားစုနဲ့ ဆက်နွှယ်နေသူတွေပါ ပါဝင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေအိမ်ချိပ်ပိတ်ခံရတဲ့ စစ်တပ်အငြိမ်းစားမိသားစုဝင်တစ်ယောက်က  “ပထမတော့ အိမ်ကို စစ်ရဲအင်အား ၂၀ လောက်ဝိုင်းထားပြီး မွှေနေတယ်ပြောကြတော့၊ မွှေပြီး ပြန်သွားမယ်ပဲ ထင်တာပေါ့။ နောက်တော့ အိမ်ကိုပါ ချိတ်ပိတ်သွားတယ်ဆိုတာကို သိလိုက်ရတော့ ကျနော်လည်း အံ့အားသင့်သွားတာ။ ကျနော်က ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ထားဘူး။ ကျနော် လက်နက်ကိုင် တိုက်ပွဲဝင်နေတာလည်း မဟုတ်ဘူး။ နိုင်ငံ့အရေးမှာ တက်ကြွလှုပ်ရှားမိရုံပါပဲ။ နိုင်ငံရေးတက်ကြွလှုပ်ရှားတယ်ဆိုပေမဲ့လည်း လမ်းပေါ်ထွက်ဆန္ဒပြတာမျိုး မဟုတ်ပါဘူး” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လူနေအိမ်တွေကို ရဲအင်အား၊ စစ်အင်အားအလုံးအရင်းနဲ့ လာရောက်ချိပ်ပိတ်နေတာလို့ ဒေသခံတွေကပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းကတည်းကစပြီး  အခု ၂၀၂၂ ဇန်နဝါရီလအထိ ကသာမြို့နယ်အတွင်းရှိ ကုန်မာဆိုင်၊ ရွှေဆိုင်၊ စတိုးဆိုင် စတဲ့ လုပ်ငန်းရှင်တချို့ကို PDF၊ CRPH နဲ့ ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို ချိပ်ပိတ်တာတွေ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူတချို့ မိသားစုနဲ့ အဆက်အသွယ်မရ ​ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

ကသာမြို့နယ်က နေအိမ်ချိပ်ပိတ်ခံရပြီး ရှောင်တိမ်းနေရသူတဦးက “အခု ကျနော့်မှာ ပြန်စရာအိမ် မရှိတာထက် ကျနော့်မိသားစု နေစရာအိမ် မရှိတော့တာ‌၊ လုံခြုံမှုမရှိတော့ဘဲ ရှောင်တိမ်းနေရတဲ့အတွက် ပိုဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ ဒီတပွဲနိုင်မှဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုပြီးခိုင်မာလာစေခဲ့တယ်၊ ကျနော်တို့ အဲဒီလိုပဲ အားတင်းထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၂၀ ရက်က ကသာမြို့နယ်မှာရှိတဲ့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးရဲ့ နေအိမ်ကို ချိပ်ပိတ်ခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်မှာလည်း ကြန်တောကျေးရွာက ပြည်သူတစ်ဦးရဲ့ နေအိမ်ကို ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့ပြင်  လူနေအိမ်တွေကို ဝင်ရောက်ပြီး ဖုန်းနဲ့ Facebook တွေကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၈ ရက်ကလည်း စစ်ကိုင်းမြို့  တပ်ဖွဲ့စု အမှတ် ၁၀၆ မှာ တာဝန်ထမ်းဆောင်ပြီး  CDM  လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ယာဉ်ထိန်းရဲတပ်ကြပ်ကြီးတစ်ယောက်ရဲ့ နေအိမ်ကို  စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက် ချိပ်ပိတ်ခဲ့တယ်လို့  ယာဉ်ထိန်းရဲနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ယာဉ်ထိန်းရဲ တပ်ကြပ်ကြီးမျိုးဝင်းရဲ့ အိမ်ကို နေ့လယ်ပိုင်းလောက်က အရပ်ဝတ် လက်နက်ကိုင်တွေ လာပြီးချိတ်ပိတ်သွားတယ်။ သူကတော့ အိမ်မှာမရှိဘူး တရားခံပြေး ဆိုပြီးလည်း စစ်ကောင်စီက ကြေညာထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နေအိမ်ကို ချိပ်ပိတ်တဲ့အပြင် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး မျိုးဝင်းကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ည(က) နဲ့ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013