DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၁ နှစ်ပြည့်မတိုင်ခင် မီဒီယာဖိနှိပ်မှု တိုးလုပ်လာ
DVB
·
January 25, 2022
စစ်အာဏာသိမ်း ၁ နှစ်ပြည့်မတိုင်ခင် မီဒီယာဖိနှိပ်မှု တိုးလုပ်လာ
Donate to DVB

မြန်မာစစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ မီဒီယာဖိနှိပ်မှုကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ Global Voices အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

အခုထိ ဇန်နဝါရီလအတွင်း သတင်းထောက် ၃ ယောက် အသတ်ခံခဲ့ရပြီး နောက်ထပ် ဂျာနယ်လစ် ၃ ယောက်ကိုလည်း ဇန်နဝါရီ ၂၀ ရက်က ဖမ်းဆီးခဲ့ပါတယ်။

မနှစ်က အာဏာသိမ်းပြီးနောက် စစ်အုပ်စုဟာ အမှီအခိုကင်းပြီး လွတ်လပ်တဲ့သတင်းဌာတွေရဲ့ ထုတ်ခွင့်လိုင်စင်တွေကို ရုပ်သိမ်းလိုက်ပြီး သတင်းထောက်တွေကိုလည်း အတိုက်အခံအင်အားစုတွေကို ထောက်ပံ့ကူညီတယ်လို့ စွပ်စွဲဖမ်းဆီးတာတွေလုပ်ပြီး မီဒီယာကို ပစ်မှတ်ထားဖိနှိပ်မှုတွေပြုလုပ်ခဲ့ပါတယ်။

နိုင်ငံခြား သတင်းထောက်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ မဟုတ်မမှန် လုပ်ကြံသတင်းဖြန့်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ရန်ကုန်မြို့က ဒီဇင်ဘာ ၁၀ ရက် “အသံတိတ်သပိတ်” ကို မှတ်တမ်းယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ အလွတ်တန်း ဓာတ်ပုံဆရာ ကိုစိုးနိုင်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ရပါတယ်။

Federal News ဂျာနယ် အယ်ဒီတာ စိုင်းဝင်းအောင်ဟာ ကရင်ပြည်နယ် လေးကေ့ကော် ငြိမ်းချမ်းရေးကျေးရွာမှာ တိုက်ပွဲသတင်းယူရင်း စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီဇင်ဘာ ၂၅ ရက်က သေဆုံးခဲ့ရပါတယ်။

ယူနက်စကို ညွန်ကြားရေးမှူးချုပ် အူဒရေးအဇူလေးက စိုင်းဝင်းအောင် အသတ်ခံရမှုကို ရှုတ်ချကြောင်းနဲ့ မီဒီယာသမားတွေဟာ ကိုယ့်ရဲ့အသက်အန္တရာယ်ကို အများပြည်သူ သတင်းတွေ သိရှိစေဖို့ စွန့်စားနေရသူတွေ ဖြစ်တာကြောင့် အရပ်သားတွေအပေါ် တိုက်ခိုက်တာကို တားမြစ်တဲ့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေနဲ့အညီ သူတို့ရဲ့လုံခြုံမှုကို အသိအမှတ်ပြုခံရဖို့ ထိုက်တန်ပါကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်နယ် အခြေစိုက် ခေါနူသုမ် မီဒီယာတည်ထောင်သူလည်း ဖြစ်ပြီး အယ်ဒီတာချုပ် အဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံရင့် အယ်ဒီတာ ပူးသွီဒင်းဟာ ဇန်နဝါရီ ၈ ရက်က ခြေမြန်တပ်ရင်း ၁၄၀ မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံရပြီးနောက်မှာ စစ်အုပ်စုရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

ပူးသွီဒင်းရဲ့ သေဆုံးမှုဟာ တိုင်းရင်းသား မီဒီယာတွေအတွက်သာမက မြန်မာနိုင်ငံရှိ မီဒီယာအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်း သူ တည်ထောင်ခဲ့တဲ့ Burma News International (BNI) က အသိအမှတ်ပြုထားပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ အာရှ-ပစိဖိတ်ရေးရာဌာန အကြီးအကဲ ဒန်နီရယ်ဘတ်စ်တတ်က သတင်းထောက် ၃ ယောက် အသတ်ခံရမှုကို ရှုတ်ချခဲ့ပါတယ်။ 

ပူးသွီဒင်းရဲ့ ထိတ်လန့်တုန်လှုပ်စရာ သတ်ဖြတ်ခံရမှုဟာ ရက်စက်မှု၊ ရိုင်းစိုင်းမှု စတဲ့ စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် မလုံလောက်ဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၈ ရက်က ထားဝယ်မြို့က Dawei Watch သတင်းဌာနက သတင်းသမား ၃ ယောက် အဖမ်းခံထားရပြီး သူတို့ကို ချက်ချင်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ Dawei Watch အယ်ဒီတာက တောင်းဆိုထားပါတယ်။

သတင်းထောက်တွေ ကိုယ့်အလုပ်တာဝန်ကို ကိုယ်လုပ်နေတာဟာ ဥပဒေကို ချိုးဖောက်နေတာ မဟုတ်ဘဲ ကိုယ့်အလုပ်တာဝန်အတိုင်း သတင်းတွေကို ကျင့်ဝတ်အတိုင်း သတင်းတွေ ထုတ်ပြန်နေခြင်းသာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ သတင်းသမား ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး တချို့ပြန်လွတ်လာပေမဲ့ ဇန်နဝါရီ ၂၄ ရက်အထိ မြန်မာနိုင်ငံတဝန်းမှာ သတင်းထောက် အနည်းဆုံး ၄၉ ဦး အကျဉ်းချခံနေရဆဲဖြစ်ပါတယ်။

ပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ အာဏာသိမ်းမှု ပထမဆုံး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲတွေ ပြုလုပ်ကြတာတွေကိုလည်း ဆက်လက် သတင်းပေးပို့နေရတာတွေအတွက် သတင်းထောက်တွေ ပိုပြီး အနှောင့်အယှက်ခံရ၊ အကြမ်းဖက်မှုခံရမှာတွေကိုလည်း စိုးရိမ်နေရပါတယ်။

စစ်အုပ်စုဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်တွေကို အကြိမ်ကြိမ် တိုးပြီး ကျူးလွန်နေတာတွေကို အဆုံးသတ်ဖို့အတွက် စစ်အုပ်စုအဖွဲ့ဝင်တွေအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံကြောင်းလည်း ဆိုပါတယ်။

ကိုးကား- Global Voices

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013