DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေးမြင့်လာသဖြင့် တက္ကစီယာဉ်မောင်းအချို့ ပိုင်ရှင်ထံ ယာဉ်ပြန်အပ်
DVB
·
January 24, 2022
စက်သုံးဆီဈေးမြင့်လာသဖြင့် တက္ကစီယာဉ်မောင်းအချို့  ပိုင်ရှင်ထံ ယာဉ်ပြန်အပ်
Donate to DVB

စက်သုံးဆီဈေးမြင့်တက်ပြီးတွက်ခြေမကိုက်တော့တဲ့အတွက် တက္ကစီယာဉ်မောင်းတချို့ အုံနာဆီ ကားပြန်အပ်ရတဲ့အထိ အခြေအနေဆိုးလာတယ်လို့ တက္ကစီယာဉ်မောင်းတွေက ပြောပါတယ်။ 

ဇန်နဝါရီ နောက်အဆုံးအပတ်မှာ ဓာတ်ဆီတစ်လီတာကို ၁၅၆၀ အထိ ဈေးပေါက်နေပြီး တစ်လအတွင်း တစ်လီတာကို ငွေကျပ် ၂၅၀လောက် ဈေးတက်ခဲ့တာပါ။

ဓာတ်ဆီဈေးတက်တာကြောင့် ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းတွေဟာ တွက်ခြေမကိုက်တော့ဘဲ ဝင်ငွေ သိသိသာသာကျဆင်းပြီး တချို့ယာဉ်မောင်းတွေကတော့ အုံနာဆီ ကားပြန်အပ်နေကြ တယ်လို့ ဆိုပါတယ်။ 

၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး ဓာတ်ဆီဈေးဆက်တိုက်တက်နေတာကြောင့် နေစဉ်မောင်းလို့ရတဲ့ ပိုက်ဆံဟာ ဆီဖိုးနဲ့ ပြန်ကုန်နေတယ်လို့ ဆိုကြပါတယ်။ 

နိုင်ငံရေး၊ စီးပွားရေးအခြေအနေကြောင့် ကားငှားစီးတဲ့သူလည်း နည်းပါးလာတဲ့အတွက် တချို့ ရက်တွေမှာ အုံနာကြေးကို အိတ်စိုက်ပြီး ပေးနေရတယ်လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ ယာဉ်မောင်းတစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီက ဓာတ်ဆီဈေးကို မထိန်းနိုင်ဘဲ ဈေးဆက်တက်မယ်ဆိုရင် တက္ကစီတော်တော်တော်များများ ဆက်ပြီး နားရဖို့ပဲရှိတယ်လို့ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ယာဉ်မောင်းတစ်ယောက်ကပြောပါတယ်။ 

ဆီဈေးတွေတက်နေပေမယ့် ကားငှားစီးတဲ့သူတွေက အရင်ဈေးနှုန်းတွေအတိုင်းပဲ တွက်ပေးတဲ့အတွက် ကားမောင်းစားရတာ ပိုကြပ်တည်းလာတယ်လို့ဆိုပါတယ်။ ဓာတ်ဆီဈေးတက်တဲ့ ဂယက်ဟာ CNG တက္ကစီတွေကိုပါ သွယ်ဝိုက်ထိခိုက်နေပြီး အုံနာတချို့ကလည်း အုံနာခကို ပိုတောင်းနေတယ်လို့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

တက္ကစီနဲ့ ကုန်ပစ္စည်းပို့တဲ့ အလုပ်လုပ်ကိုင်သူတွေဟာလည်း ကားခတွေဈေးတက်လာတာကြောင့် အလုပ်လုပ်ရတာ တွက်ခြေမကိုက်တော့ဘူးလို့ ဆိုပါတယ်။ စရိတ်တွေပိုလာတဲ့အတွက် အရောင်းအဝယ်လုပ်ရတာ တွက်ခြေမကိုက်တော့ဘဲ မျက်နှာပျက်စရာတွေဖြစ်လာတယ်လို့ Delivery သမားတစ်ယောက်က ပြောပါတယ်။ 

NLD အစိုးရလက်ထက်မှတ်တမ်းတွေအရ ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ တက္ကစီယာဉ် ၃ သောင်းကျော်အထိရှိနေပြီး အများစုက အလုပ်လည်ပတ်ဖို့ခက်ခဲနေပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်တာကြောင့် စီးပွားရေးလုပ်ငန်းတော်တော်များများဟာ ပုံမှန်လည်ပတ်ဖို့ခက်ခဲနေပြီး ကုန်ဈေးနှုန်းတွေလည်း တက်နေပါတယ်။ 

စစ်ကောင်စီက ဗဟိုဘဏ်ကနေ ဒေါ်လာတွေ ထုတ်ရောင်းပြီး စက်သုံးဆီဈေးကိုထိန်းဖို့ကြိုးစားပေမယ့် ပြဿနာရဲ့အရင်းအမြစ်ကို မဖြေရှင်းနိုင်တဲ့အတွက် စက်သုံးဆီဈေးကို မထိန်းနိုင်ဖြစ်နေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013