DVB Logo
Home
မြန်မာသတင်း
လွယ်ဂျယ်-လားရင်း ကုန်စည်စီးဆင်းမှု ကြန့်ကြာသည့်အပေါ် တရုတ်ငှက်ပျောလုပ်ငန်းရှင်များ ဆန္ဒပြ
DVB
·
January 23, 2022
လွယ်ဂျယ်-လားရင်း ကုန်စည်စီးဆင်းမှု ကြန့်ကြာသည့်အပေါ် တရုတ်ငှက်ပျောလုပ်ငန်းရှင်များ ဆန္ဒပြ
Donate to DVB

လွယ်ဂျယ်-လားရင်း တရုတ်ဘက်ခြမ်းက ကုန်စည်စီးဆင်းမှုစီမံခန့်ခွဲတာ နှောင့်နှေး ကြန့်ကြာနေလို့ ဇန်နဝါရီ ၂၀ ရက်က တရုတ်ဘက်က  ကုန်သည်ပွဲစားတွေနဲ့ တောင်သူတွေ ဆန္ဒပြခဲ့ကြတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

"သူတို့ ဆန္ဒပြတာ။ တိုက်က အမြင့်ကြီးဗျ။ တိုက်က ၁၀ ထပ်ကျော်။ အဲဒီအပေါ်ကနေပြီးမှ ခုန်ချမယ်ဆိုတာ ကျနော်တို့ ဆီမှာ video file တွေလည်း တက်တယ်။ ကျနော်တို့ ကြားတာကတော့ သူတို့ရဲ့ ငှက်ပျောတွေပေါ့နော်၊ ငှက်ပျောတွေ ရက်ကြာပြီး ပေးမဝင်လို့ ကြန့်ကြာမှု ဖြစ်နေလို့ ဆန္ဒပြ တောင်းဆိုတယ်လို့ သိရတယ်" လို့ ကုန်ကားပိုင်ရှင် ၁ ဦးက ပြောပါတယ်။

မြန်မာကုန်သည်တစ်ဦးက “လုံချွမ်းလေ။ ငှက်ပျောကုန်သည်တွေက သူတို့ ခရိုင်ရုံး ပေါ်တက်ပြီးတော့ ခုန်ချမယ် ဆိုပြီးတော့ ဆန္ဒ သွားပြတာပေါ့။ ငှက်ပျောသမားတွေက တအား ဒုက္ခရောက်နေပြီ။ သူတို့ ငှက်ပျောတွေက ဆက်တိုက် ၃ နှစ် ရှိပြီလေ။ ပထမနှစ်လည်း နည်းနည်းပဲ ရောင်းရတယ်။ ဒုတိယနှစ်ဆိုရင် လုံးဝ မရောင်းရဘူးလေ” လို့ ပြောပါတယ်။

တရုတ်ဘက်မှာရှိနေတဲ့ ငှက်ပျောလုပ်ငန်းရှင်တွေ ဆုံးရှုံးရသလို မြန်မာဘက်ခြမ်းမှာ လာရောက် ရင်းနှီးမြှုပ်နှံနေတဲ့ လိုင်ဇေနယ်စပ်တလျှောက်မှာရှိတဲ့ တရုတ် တစ်သျှူးငှက်ပျော လုပ်ငန်းရှင် အများစုကလည်း passport သက်တမ်း ကုန်သွားတာက တကြောင်း၊ အခက်အခဲဖြစ်ကာ ဆုံးရှုံး နေရလို့က တကြောင်း ငှက်ပျောခြံကို စွန့်ပစ်ကာ ထွက်ပြေးကုန်ကြတယ်လို့ ဆိုပါတယ်။

“နဂိုက ချောင်လို့ ခိုးဝင်လာတဲ့ တရုတ်တွေ အခုက ပြန်လို့လည်းမရ။ ငှက်ပျောခြံထဲမှာပဲ နေရတာ။ ဘယ်မှာမှ မထွက်ရဲဘူး ဖြစ်နေတယ်။ အရမ်းသနားစရာကောင်းတယ်။ အဓိကက သူတို့ ဝင်လာတဲ့ အချိန်က ခိုးဝင်လာတာလေ။ လိုင်ဇာတို့ ဘာတို့ကျတော့ လွယ်ကူတာလေ။ အခုကျ‌တော့ ဟိုမှာလည်း ပေးမဝင်တော့ဘူး။ ဗမာပြည်မှာလည်း သူတို့ ဘယ်မှ မသွားရဲဘူး။ ခြံထဲမှာပဲ။”

တရုတ် တစ်သျှူးငှက်ပျော လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံက တောင်သူတွေဆီ မြေငှားရမ်းပြီး စိုက်ပျိုးနေတာဖြစ်ကာ ခုလို ဆုံးရှုံးမှုတွေကြောင့် ထွက်ပြေးသွားတဲ့ လုပ်ငန်းရှင်တွေကြောင့် ဒေသခံမြေရှင် မြန်မာနိုင်ငံသားတွေပါ ဆုံးရှုံး နစ်နာနေရပါတယ်။

မြန်မာနိုင်ငံသား‌တွေကိုသာ အမည်ခံ ငှားထားတာကြောင့် ဥပဒေအရ ဖြေရှင်းလာရင် တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ထိခိုက်မှုမရှိဘဲ ဒေသခံတွေသာ ထိခိုက်နစ်နာမှု ရှိလာတယ်လို့ တစ်ရှူးငှက်ပျော စိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှုအပေါ်  သုတေသန ပြုလုပ်သူ အမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးကို မှီခိုပြီး တစ်ရှူးငှက်ပျော တင်ပို့နေတဲ့ ကုန်တင်ကား တချို့လည်း ၁ လခန့်ကြာ​ ကားစီတန်း စောင့်ဆိုင်းနေကြရတယ်လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

“ငှက်ပျောက အဲဒီလောက်မယူဘူး။ ကြံပဲ သူတို့ အများဆုံးသွင်းတာ။ ငှက်ပျောက ပထမ တသုတ်က ပစ်လိုက်ရပြီးတော့ ခု နောက်တသုတ် ပြန်တင်လာရတာ။” 

စမ်းသပ်ကာလဖြစ်တာကြောင့် ၁ ရက်ကို ငှက်ပျောကား ၅ စီးဝန်းကျင်သာ ဝင်ခွင့်ရပြီး ကုန်စည် စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေကာ လက်ရှိ ကုန်တင်ပြီးသားကား အစီးရေ ၂၀၀ လောက် စီတန်း စောင့်ဆိုင်းနေရတယ်လို့ ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။

“ကားသမားတွေလည်း ကုန်တင်လျက်ကြီးနဲ့။ ကုန်သည်ဆိုရင်လည်း ဆုံးရှုံးနစ်နာမှုတွေ၊ ငှက်ပျောသီးတွေလည်း မှည့်လာကုန်တာမျိုးတွေ ဖြစ်လာတယ်ဗျ။ အခု တန်းစီနေတဲ့ ကားတွေကတော့ တရုတ်ရဲ့ လိုအပ်ချက် ကြံနဲ့ ငှက်ပျောကို ခွင့်ပြုထားတာဗျ။”

လွယ်ဂျယ်-လားရင်း ကုန်သွယ်ရေးလမ်းကြောင်းကနေ ဂိတ်မပိတ်မီအချိန်ထိ တရုတ်နိုင်ငံကို ဗန်မော်ခရိုင်မှ ထွက်ရှိတဲ့ ငှက်ပျော၊ ဖရဲ၊ ကြံ၊ ဆန်၊ ပြောင်း တွေ အပါအဝင် ဒေသထွက်ကုန်‌တွေ ကို တင်ပို့တာဖြစ်ပြီး တရုတ်ဘက်ကလည်း ဂျူတီခွင့်ပြုကုန်အားလုံး တင်သွင်းတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ နဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်၊ လားရင်းမြို့တို့ ထိစပ်နေတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရာ လွယ်ဂျယ်-လားရင်းဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လကစ ကိုဗစ်အကြောင်းပြချက်နဲ့ ယာယီပိတ်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရဘက်က ၂၀၂၁ နိုဝင်ဘာလမှာနှစ်ကြိမ်၊ ဒီဇင်ဘာလမှာတစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိုင်တိုင် ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပေမဲ့  ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်က ပြန်လည် စမ်းသပ်ဖွင့်လှစ်နိုင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013